NLD ပါတီနာယက သူရဦးတင်ဦးကွယ်လွန်၊ ဈာပနကိုငါးရက်အကြာမှာပြုလုပ်မယ်

Photo – RFA

ဇွန်၊ ၁

ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ တင်ပို့ကုသမှုခံယူနေရတဲ့ NLD ပါတီနာယက သူရဦးတင်ဦး ဟာ ဒီကနေ့ မနက်ကိုးနာရီဝန်းကျင်က ကွယ်လွန်သွားတာကြောင့် ငါးရက်အကြာ ဇွန်လ ငါးရက်နေ့မှာ ဈာပန အခမ်းအနား ပြု လုပ်မယ်လို့မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“(ရုပ်အလောင်းကို)အိမ်ကိုပြန်သယ်မယ်၊ငါးရက်ထားပြီး သင်္ဂြိုလ်မယ်”လို့ သူရဦးတင်ဦး ကျန်းမာရေးဆိုးရွားလာ ချိန်မှာ မိသားစုကိုသွားရောက်ကူညီပေးနေတဲ့ စာရေးဆရာ ထင်လင်းဦးက DNA ကိုပြောပါတယ်။

NLD ပါတီ ပူးတွဲတည်ထောင်သူတဦးလည်းဖြစ်တဲ့ သူရဦးတင်ဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၉၉နှစ်အရွယ်ရှိ နေပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် ရန်ကုန်ဆေးရုံကြီးအထူး ကြပ် မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတာပါ။

သူ့ရဲ့ ဈာပနအခမ်းအနားကို သာမာန်ဈာပနတခုအနေနဲ့ပဲ ပြုလုပ်သွားဖို့စီစဉ်ထားတယ်လို့ သူရဦးတင်ဦးရဲ့ သားဖြစ် သူက သတင်းဌာနတချို့ကိုပြောထားတာတွေ့ရပါတယ်။

သူရဦးတင်ဦးဟာ NLD ပါတီ အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တုန်းက လေဖြတ်ဝေဒနာ ခံစားရတာကြောင့် ရန် ကုန်ဆေးရုံကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ရပြီး အဲ့ဒီအချိန်တုန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့ကသွားရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် NLD ပါတီစတင်ထူထောင်ချိန်ကတည်းက ပါတီခေါင်းဆောင်တဦးအဖြစ် ပါဝင်ကာ ဒီမိုကရေစီ အ ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ သူရဦးတင်ဦးဟာ NLD ပါတီ ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းကစလို့ ပါတီနာယကအဖြစ် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

သူရဦးတင်ဦးဟာ လွတ်လပ်ရေးမရခင် ၁၉၄၃ခုနှစ် ဆယ်ကျော်သက်အရွယ်မှာ ဗမာ့ကာကွယ်ရေးတပ်မတော် BDA တပ်ထဲဝင်ရောက်ခဲ့ပြီး ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီခေတ်မှာကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးတာဝန်တွေထမ်းဆောင်ခဲ့ပေမယ့် နှစ်နှစ်အကြာမှာပဲ နှုတ်ထွက်ခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်အဖြစ်က နှုတ်ထွက်ခဲ့ပြီးနောက် တနှစ်ဝန်းကျင်အကြာမှာတော့ ဦးနေဝင်းအစိုးရက သူရဦးတင်ဦးကို ဗိုလ်ကြီးအုန်ကျော်မြင့်ရဲ့ပုန်ကန်မှုမှာ သတင်းထိန်ချန်ခဲ့တယ်ဆိုပြီး ထောင်ဒဏ်ခုနစ်နှစ်ချမှတ် ခဲ့ပါတယ်။

၁၉၈၈ အရေးတော်ပုံကာလကစလို့ ဒီမိုကရေစီနိုင်ငံရေးထဲ တောက်လျှောက်ပါဝင်လှုပ်ရှားခဲ့တဲ့ ဦးတင်ဦးဟာ စစ်အစိုးရခေတ်တလျှောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားNLD ခေါင်းဆောင်တွေနဲ့ အတူ စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချမှု၊တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံတဲ့ တိုက်ခိုက်မှုအဖြစ် လူသိများတဲ့ ၂၀၀၃ခုနှစ် မေလ ၃၀ရက် ဒီပဲယင်းဖြစ်စဉ်မှာ တိုက်ခိုက်မှုတွေကို ကိုယ်တိုင်ကြုံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အသက်ဘေးကလွတ် မြောက်ခဲ့ပါတယ်။

ဒီပဲယင်းဖြစ်စဉ် ၂၁နှစ်မြောက် ပြီးနောက် တရက်အကြာမှာ သူရဦးတင်ဦး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် NLD ပါတီဗဟိုခေါင်းဆောင်ပိုင်းတွေထဲက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း ကွယ်လွန်ခဲ့သလို နာယကဦးတင်ဦးလည်း ထပ်မံကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် တနှစ်နီးပါးအကြာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်းကတော့ သူရဦးတင်ဦးရဲ့ ရန်ကုန် မြို့နေအိမ်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ကသွားရောက်တွေ့ဆုံခဲ့ပါ သေးတယ်။ အဲ့ဒီ တွေ့ဆုံမှုအတွင်း သူရဦးတင်ဦးဟာ NLD ပါတီရင်ထိုးနဲ့ ပင်နီတိုက်ပုံတွေဝတ်ဆင်ကာ လက်ခံတွေ့ဆုံခဲ့ပါတယ်။