မေ၊ ၃၁
နျူကလီးယား စစ်ပွဲရဲ့ အလားအလာကို လျှော့မတွက်ဖို့ အနောက်မဟာမိတ် နိုင်ငံတွေကို ရုရှားက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။
NATO စစ်မဟာမိတ် အဖွဲ့ဝင် ဒိန်းမတ် နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ဗလာဒီမာ ဘာဘင်က အခုလိုမျိုး တင်းမာတဲ့ သတိပေးမှုမျိုးကို အတိအလင်း ထုတ်ပြန်လာခဲ့တာပါ။ ဒိန်းမတ်ဟာ ရုရှားနဲ့ စစ်ခင်းတိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ် ၁၉ စီး ထောက်ပံ့ ပေးပို့သွားမယ်လို့ ကတိပြုထားပါတယ်။
ဒါ့အပြင် ဒိန်းမတ် ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်က ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေကို ယူကရိန်းနိုင်ငံ ပြင်ပ၊ တနည်းအားဖြင့် ရုရှားပိုင်နက်ထဲက စစ်ရေးပစ်မှတ်တွေကို နိုင်ငံတကာ စစ်ရေးဥပဒေတွေနဲ့အညီ တိုက်ခိုက်ဖို့ အသုံးပြုရင်တောင် လက်ခံပေးသွားမယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလို လက်ခံခွင့်ပြုတဲ့ထဲမှာ F-16တွေကို အသုံးပြုခွင့် ပါ၊ မပါ ဆိုတာကိုတော့ ဝန်ကြီးချုပ်က တိတိကျကျ မပြောပါဘူး။
သံအမတ်ကြီး ဘာဘင်က ဒိန်းမတ်သာ မကဘဲ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံအားလုံး သိထားသင့်တာက ယူကရိန်းဆီ တာဝေး တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ထောက်ပံ့ပေးနေတာဟာ NATOနဲ့ ရုရှားကြားက တိုက်ရိုက် ပဋိပက္ခတွေကို မီးမွှေးပေးနေတာနဲ့ တူကြောင်း၊ နောက်ဆက်တွဲ အကျိုးဆက်တွေက အရမ်း ခါးသီး ပြင်းထန်သွားနိုင်ကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။
NATOဟာ ရုရှားဖက်က အကြိမ်ကြိမ် သတိပေးထားတဲ့ နျူကလီးယားစစ်ပွဲ ဖြစ်ပေါ်နိုင်ခြေ ဆိုတာကို လျှော့မတွက်သင့်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ဒီအတောအတွင်း ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က NATOဟာ ရုရှား-ယူကရိန်း စစ်ပွဲကို အရှိန်ပိုမြင့်တက်လာအောင် ရည်ရွယ်ချက်ရှိရှိ မီးမွှေးနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
လက်ရှိ ဖြစ်ပျက်မှုတွေဟာ အနုတ်လက္ခဏာဖက် ဆက်တိုက် ဦးတည်နေတယ် ဆိုတာကို သဘောပေါက်ထားကြောင်း၊ အနောက်နိုင်ငံတွေဟာ ယူကရိန်းကို အကြောင်းပြုပြီး အဓိပ္ပါယ်မဲ့ သက်ဆိုးရှည်မယ့် စစ်ပွဲမျိုးကို လှုံ့ဆော်ပေးနေကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။ NATOရဲ့ လုပ်ရပ်ဟာ ဘယ်သူ့အတွက်မှ ကောင်းကျိုး မရှိသလို ဖျက်ဆီးအား အပြင်းထန်ဆုံး လက်နက်တွေနဲ့ တိုက်ခိုက်ပြီး အလုံးစုံ ပျက်သုဉ်းမှု လမ်းကြောင်းဆီ ဦးတည်အောင် တွန်းပို့နေတဲ့ အဓိပ္ပါယ်မျိုးဖြစ်ကြောင်း သူက ဝေဖန်သွားပါတယ်။
Ref: News Week