ဘူးသီးတောင်အကျဉ်းထောင်ထဲက အကျဉ်းသားတရာနီးပါးကယ်ထုတ်ခဲ့ပြီး နိုင်ကျဉ်း သုံးဆယ်ကျော်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ AA အသိပေး

Photo – MDN (ပုံဟောင်း)

မေ၊ ၃၁

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်ကို အခုလအတွင်းသိမ်းပိုက်နိုင်ပြီးနောက် အဲ့ဒီမြို့အကျဉ်းထောင်တွင်းမှာ ရှိနေတဲ့ အကျဉ်းသားစုစုပေါင်း ၉၈ဦးကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ပြီး အဲ့ဒီအထဲက နိုင်ငံရေးအကျဉ်းသား ၃၁ဦး ကိုတော့ မိသားစုတွေဆီပြန်ဖို့ ကူညီပေးလိုက်တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်အသိပေးပါတယ်။

အာရက္ခတပ်တော် AA ဟာ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဘူးသီးတောင်မြို့က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအားလုံးကို မေလ ၁၈ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲကာလအတွင်း အကျဉ်း ထောင်ထဲ ပိတ်မိကျန်နေခဲ့တဲ့အကျဉ်းသားတွေကို မေလ ၁၆ရက်မှာ ဘေးလွတ်ရာ ကယ်ထုတ်ခဲ့တာလို့ သိရပါ တယ်။

ကယ်ထုတ်ခဲ့တဲ့ အကျဉ်းသားတွေထဲ စစ်ကောင်စီက နိုင်ငံရေးအရဖမ်းဆီးထောင်ချထားသူ ၃၁ဦးပါဝင်ပြီး သူတို့ ကိုတော့ မိသားစုဝင်တွေနဲ့ဆက်သွယ်ပေးကာ နေရပ်ပြန်နိုင်ဖို့ လိုအပ်တဲ့ငွေကြေးထောက်ပံ့မှုတွေကို မေလ ၂၆ရက်မှာကူညီပေးခဲ့တယ်လို့ AA ကဆိုပါတယ်။

လက်ရှိမှာ အဲ့ဒီနိုင်ငံရေးအကျဉ်းသားတွေဟာ နေရပ်ဒေသ၊ကျေးရွာတွေမှာ ပြန်လည်နေထိုင်နေကြပြီဖြစ်ပြီး အာရက္ခတပ်တော်က ဆက်ပြီး ကူညီထောက်ပံ့နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီနိုင်ငံရေးအကျဉ်းသားတွေအမည်စာရင်းကိုလည်း AA က တဆက်တည်းအသေးစိတ်ဖော်ပြထားပြီး အများစုက ဘူးသီးတောင်ဒေသခံတွေဖြစ်ကာ မောင်တောဒေသခံလေးဦးနဲ့ မကွေးတိုင်း၊စလင်းမြို့နယ် ဒေသခံတဦးပါဝင်တာ တွေ့ရပါတယ်။

ကျန်တဲ့ အကျဉ်းသားတွေထဲမှာတော့ လူသတ်မှု၊မုဒိမ်းမှု၊ခိုးမှု၊ယာဉ်တိုက်မှု၊သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊မူးယစ်ဆေး ဝါးမှု၊လဝကမှု၊သူခိုးလက်ခံမှု၊စတဲ့ ရာဇဝတ်မှုကျူးလွန်ထားသူတွေပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီအကျဉ်းသားတွေကိုတော့ သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုနဲ့ ကျခံထားတဲ့ပြစ်ဒဏ်ကိုပြန်လည်စိစစ်ပြီး လုပ်သင့် တာတွေဆက်လုပ်သွားမယ်လို့ AA ကအသိပေးဖော်ပြပါတယ်။

စစ်ကောင်စီဟာတိုက်ပွဲတွေအတွင်း အကျဉ်းထောင်တွေမှာဖမ်းဆီးခံထားရတဲ့အကျဉ်းသားတွေကို တိုက်ပွဲကင်း လွတ်ရာဆီရွှေ့ပြောင်းပေးရမယ့်အစား လျစ်လျှူရှုချန်လှပ်ခဲ့တာမျိုးတွေတွေ့နေရပြီး အာရက္ခတပ်တော်အနေနဲ့ ဘေးလွတ်ရာကယ်ထုတ်ပေးရတဲ့ဖြစ်စဉ်တွေရှိနေတယ်လို့ဆိုပါတယ်။

ဘူးသီးတောင်မြို့မှာတော့ တိုက်ပွဲတွေမဖြစ်ခင်ကတည်းက ဘူးသီးတောင်အကျဉ်းထောင်ထဲက အကျဉ်းသားတွေ ကို လွတ်ငြိမ်းခွင့်ပေးတာ၊နေရာပြောင်းရွှေ့ပေးတာတွေလုပ်ခဲ့တာရှိပေမယ့် နိုင်ငံရေးအကျဉ်းသားတချို့ကိုတော့ ချန်ထားခဲ့တယ်လို့လည်း AA ကဆိုပါတယ်။

ရခိုင်တပ့်တော် AA ဟာ ဘူးသီးတောင်မြို့နယ်အတွင်း ထိုးစစ်ဆင်တွေစတင်ချိန်ကနေ မြို့ကိုအပြီးသတ် သိမ်းယူနိုင်ချိန်အထိ တိုက်ပွဲကာလ ငါးလထက် မနည်းကြာမြင့်ခဲ့ပါတယ်။