Photo – Social Media
မေ၊ ၃၀
မြဝတီမြို့နယ်အတွင်း အခြေစိုက်ပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေဟာ ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ဘက်ကို ပြောင်းရွှေ့နေထိုင်မှုအခုလအတွင်း သိသိသာသာများလာတယ်လို့ ဘုရားသုံး ဆူဒေသခံတွေက DNA ကိုပြောပါတယ်။
“အစုအဖွဲ့အလိုက်ကို ရောက်လာတာ၊ သူတို့လာတာ VIP လမ်းကြောင်းနဲ့ လက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင် ကားမောင်းပို့ပေးနေတာ” လို့ ဒေသတွင်းလက်နက်ကိုင်တပ်တွေနဲ့ နီးစပ်တဲ့ ဘုရားသုံးဆူမြို့ခံတဦးက DNA ကို ပြောပါတယ်။
ဒီလိုမျိုး တရုတ်နိုင်ငံသားတွေကို နယ်မြေပြောင်းရွေ့ရာမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)နဲ့ ကရင်နယ်ခြားစောင့်တပ်-BGF/KNA အဖွဲ့အစည်းတွေက ကူညီပေးနေတယ်လို့ဆိုပါတယ်။
အဲ့ဒီအချက်နဲ့ပတ်သက်ပြီးအတည်ပြုနိုင်ဖို့ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကို DNA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်အတွင်းမှာ အွန်းလိုင်းခေါ်ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား တွေအနေနဲ့ မေလကစလို့အမြန်ဆုံးထွက်ခွာကြဖို့ ကရင်နယ်ခြားစောင့်တပ်-BGF ကနေ အမည်ပြောင်းလဲထား တဲ့ ကရင်အမျိုးသားတပ်မတော်-KNA ဘက်က မေလအစောပိုင်းမှာ သတိပေးထုတ်ပြန်ပြီးနောက် အခုလို ဘုရားသုံးဆူဘက်ကို ပြောင်းရွေ့လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ဘုရားသုံးဆူဘက်ကို ပြောင်းရွေ့လာတဲ့ တရုတ်နိုင်ငံသားရာချီရှိနေပြီး အများစုက လက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီနဲ့ မြို့တွင်းက ဟိုတယ်၊ တည်းခိုခန်းနဲ့ အိမ်ယာတွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။
“ရာဂဏန်းလောက်ရှိနေပြီထင်တယ်၊ သူတို့(တရုတ်)က ဒီဘက်က လက်နက်ကိုင်အဖွဲ့တွေက အပြည့်အဝကူ ညီပေးထားတော့ ဘာမဆို လုပ်လို့ရနေတဲ့သဘောလေ” လို့ အထက်ပါ ဘုရားသုံးဆူမြို့ခံက ပြောပါတယ်။
ဒါ့အပြင် မြို့နယ်အတွင်းနဲ့ အစွန်းအဖျားနေရာက မြေကွက်တွေကို ဈေးကောင်းပေးပြီး လိုက်လံဝယ်ယူသူတွေ များပြားလာသလို တချို့နေရာမှာ အဆောက်အဦအသစ်တွေ ထပ်မံဆောက်လုပ်နေတာလည်း ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဘုရားသုံးဆူဒေသမှာအရင်ကတည်းက အွန်းလိုင်းကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူတွေရှိနေပေမယ့် ဒီလထဲ တရုတ်နိုင်ငံသားတွေ ရောက်ရှိလာပြီးနောက် အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သူတွေ ပိုမိုများပြား လာတယ်လို့ ဆိုပါတယ်။
“အကိုတို့ (၄)ရပ်ကွက်မှာပဲကို အများကြီး ရှိလာတာ၊ ဒီတလနှစ်လထဲမှာ ပိုပြီးများလာတာ၊ ပေါ်ပေါ်ထင်ထင်ပဲ၊ တရုတ်တွေပဲ ဦးဆောင်လုပ်နေတာပေါ့၊ တခုရှိတာက တချို့နေရာက တော်ရုံတန်ရုံလူ တွေ ဝင်ထွက်ဖို့ကမ လွယ်ဘူး၊ လုံခြုံရေးတော်တော်တင်းကြပ်ထားတာ” လို့ ဘုရားသုံးဆူမြို့ အမှတ်(၄)ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
ဒီလိုမျိုး အွန်းလိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တချို့က အခွန်အခရယူကာ လုံခြုံရေးရယူပေးနေတာဖြစ်ပြီး တချို့လုပ်ငန်းတွေမှာ လက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်ကိုယ်တိုင်က ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
မြဝတီမြို့အပါအဝင် ရွှေကုက္ကိုလ်ဒေသက အွန်းလိုင်းလို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ကရင်နယ်ခြားစောင့် တပ်/ကရင်အမျိုးသားတပ်မတော် BGF/KNA ခေါင်းဆောင်ပိုင်းတချို့က အဓိကလုပ်ဆောင်နေတယ် လို့ မေလ ၂၂ ရက်မှာ Justice For Myanmar ကထုတ်ပြန်ထားပါတယ်။
ကရင် BGF/KNA တပ်ဟာ သောင်ရင်းမြစ်တလျောက် ထိန်းချုပ်ထားတဲ့ တရားမဝင်လုပ်ငန်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာဘီလီယံများစွာကို ရရှိနေတာဖြစ်ပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိဂုံးချုပ်သွားပေမယ့် မြန်မာတောင်ပိုင်းဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ဘက်မှာ တဖြည်း ဖြည်း ပိုပြီးများပြားလာကာ လုပ်ငန်းတွေလည်း တိုးချဲ့လုပ်ကိုင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက အခိုင်အမာ ပြောကြပါတယ်။
နိုင်ငံရဲ့တောင်ဘက်ခြမ်းမှာလည်း နိုင်ငံတကာက ဖိအားပေးမှု၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်ထောက်ပြမှုနဲ့ စုံစမ်းဖော်ထုတ်မှုတွေကြောင့် ကျားဖြန့်လုပ်ငန်းတွေဟာ လုံခြုံရေးနဲ့ လုပ်ပိုင်ခွင့်အာမခံချက်ရှိနိုင်တဲ့ နေရာ ဘက်ကို နယ်မြေချဲ့ထွင်းလာတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုနိုင်က ပြောပါတယ်။
“လုံခြုံရေးနဲ့လုပ်ပိုင်ခွင့်ရနိုင်တဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့ လုပ်ငန်းနယ်ပယ်ရွေ့ပြောင်းကြတာပေါ့၊ အခုလည်း တောင်ဘက်က ပြဿနာဖြစ်နေပြီလေ၊ ဒီအခြေအနေအောက်မှာ ဘုရားသုံးဆူဘက်ကို ဝင်ကြည့် ကြတာလို့ထင်တယ်” လို့ သူကသုံးသပ်ပါတယ်။