ထိန်းချုပ်နယ်မြေတွေ တရဟော ဆုံးရှုံးမှုကို တားဆီးနိုင်စွမ်း မရှိတော့တဲ့ အာဏာသိမ်းစစ်တပ်

မေ၊ ၃၀

နယ်စပ်ဒေသတွေ အပါအဝင် ကျယ်ပြောတဲ့ ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်း စစ်တပ်က ဆက်တိုက် လက်လွှတ်လာရခြင်းနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ နယ်မြေ ထိန်းချုပ်နိုင်စွမ်းက ပိုမို အားကောင်းလာနေတယ်လို့ မြန်မာ့ ပြည်တွင်းစစ် အခြေအနေတွေနဲ့ ဆက်စပ်တဲ့ အစီရင်ခံချက် နှစ်ခုကို ကိုးကားပြီး Bangkok Post သတင်းစာက ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ချိန် ကတည်းက လူဦးရေ ၅၅ သန်း နေထိုင်တဲ့ မြန်မာနိုင်ငံဟာ အကျပ်အတည်းတွေထဲ ထိုးဆင်းသွားခဲ့ပါတယ်။

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတကို စစ်တပ်က အကြမ်းတမ်းဆုံး နည်းလမ်းတွေနဲ့ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရာကနေ တော်လှန်ရေး လှုပ်ရှားမှုဟာ စစ်တပ်ကို နှစ်ရှည်လများ အန်တု စိန်ခေါ်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စုစည်းမိသွားခဲ့ပါတယ်။

အခုဆိုရင် စစ်တပ်ဟာ မြန်မာနိုင်ငံကို ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘဲ နိုင်ငံကို မြို့နယ်တွေအလိုက် ပိုင်းခြားသတ်မှတ်ထားရာ ဧရိယာ စုစုပေါင်းရဲ့ ၈၆ ရာခိုင်နှုန်း၊ နိုင်ငံလူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းလောက် နေထိုင်ရာ နယ်မြေတွေကို လက်လွှတ်ခဲ့ရပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဲဒီအဆိုနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဆီ Reuters သတင်းဌာနက ဆက်သွယ် မေးမြန်းပေမယ့် အကြောင်းပြန်ချက် မရခဲ့ပါဘူး။

“စစ်တပ်ဟာ မြန်မာနိုင်ငံမှာ အစိုးရ တာဝန်တွေကို ထမ်းဆောင်နိုင်လောက်အောင် လုံလောက်တဲ့ နယ်မြေတွေ ထိန်းချုပ်ထားနိုင်စွမ်း လုံးဝ မရှိတော့ပါဘူး”လို့ နိုင်ငံတကာ ပညာရှင်တွေ စုဖွဲ့ထားပြီး သီးခြားလွတ်လပ်စွာ သုတေသန ပြုနေတဲ့ SAC-Mရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ SAC-Mဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းအပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ဦးတည်စေရေး ထောက်ပံ့ကူညီပေးဖို့ ထူထောင်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

“စစ်တပ်ဟာ သိသာထင်ရှားလှတဲ့ နယ်မြေ အကျယ်အဝန်းကို စွန့်လွှတ်လိုက်ရပြီး နိုင်ငံရဲ့ အစိတ်အပိုင်း တော်တော်များများမှာလည်း ခံစစ်အတွက်ပဲ ပြင်ဆင်နေရပါပြီ”လို့ SAC-Mက ဆိုတယ်။

အောက်တိုဘာလတုန်းက တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် သုံးခု ပူးပေါင်း ဆင်နွှဲခဲ့တဲ့ ‘အော်ပရေးရှင်း ၁၀၂၇’ဟာ ရှိရင်းစွဲ အားပျော့လာနေတဲ့ မြန်မာစစ်တပ်အတွက် အရေးပါတဲ့ အလှည့်အပြောင်း ကာလတခု ဖြစ်သွားစေပါတယ်။ အဲဒီ စစ်ဆင်ရေးဒဏ်ကြောင့် စစ်တပ်ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ထိန်းချုပ်နယ်မြေတွေ တပြုံတမကြီးကို လက်လွှတ်လိုက်ရပါတယ်။

အဲဒီနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အစွန်အဖျားနဲ့ နယ်စပ်ဧရိယာတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက စစ်တပ်ကို ပိုပြီး ထိုးနှက်လာနိုင်ကြတယ်။ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကစလို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပိုင်းခြားထားရာ ကမ်းရိုးတန်း ဒေသတွေထိ တိုင်းရင်းသား တပ်တွေရဲ့ ထိုးစစ်တွေက ပိုပြင်းထန်လာခဲ့ပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ စစ်ရေးအရ အောင်မြင်မှုတွေ အများကြီး ရရှိလာပြီး သူတို့ရဲ့ အခြေစိုက် ဒေသအသီးသီးမှာ ထိန်းချုပ်နယ်မြေတွေ အများကြီးကို ချဲ့ထွင်နိုင်ခဲ့တယ်။ အကျိုးဆက်ကတော့ ကိုယ်ပိုင် အုပ်ချုပ်မှု ယန္တရားတွေကိုတောင် စတင် စမ်းသပ် ထူထောင်လာနေပြီ ဖြစ်ပါတယ်”လို့ အကျိုးအမြတ်ကို ဦးစားမပေးတဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ Crisis Groupကလည်း သုံးသပ်ပြခဲ့ပါတယ်။

စစ်တပ်ရဲ့ မရှုမလှ ဆက်တိုက် ရှုံးနိမ့်မှုတွေနဲ့ နေပြည်တော်က စစ်တပ်ရဲ့ အပေါင်းအပါ ရေပေါ်ဆီ အသိုက်အဝန်းဆီက စိတ်ကုန်လာမှုတွေကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အနာဂတ်ကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။ သူ့လက်အောက်မှာ သစ္စာတော်ခံ စစ်ဘက် အရာရှိတွေ ဝန်းရံထားဆဲ ဖြစ်တဲ့တိုင်အောင် မင်းအောင်လှိုင်အတွက် စိတ်မလုံခြုံစရာတွေ ဖြစ်နေလောက်တယ်လို့ Crisis Groupရဲ့ အစီရင်ခံစာမှာ ထည့်သွင်း သုံးသပ်ပြထားပါတယ်။

“လက်ရှိ အချိန်ထိ သူ့ရာထူးကို မြဲမြံအောင် ဆုပ်ကိုင်ထားနိုင်ဆဲ ဆိုပေမယ့် သူ့အပေါ် သည်းခံလိုစိတ် ကုန်ခန်းလာနေတာတွေကြောင့် အချိန်မရွေး သူ့ကို ဖြုတ်ချတဲ့ အတွင်းပိုင်း ပုန်ကန်မှု တခုခု ကြုံလာနိုင်ပါတယ်”လို့ Crisis Groupက ထောက်ပြထားပါတယ်။

အခုဆိုရင် စစ်တပ်ဟာ နယ်စပ်ဒေသတွေ အားလုံးနီးပါးလောက်ကို ထိန်းချုပ်မှု လက်လွတ်သွားပြီဖြစ်ပြီး နေပြည်တော်ရဲ့ စီမံခန့်ခွဲမှုနဲ့ မဆိုင်တဲ့ ဒေသအလိုက် အုပ်ချုပ်မှု ယန္တရားတွေက ပိုပြီး တိုးပွားလာဖွယ် ရှိနေပါတယ်။ အဲဒီအတွက်လည်း နိုင်ငံတကာ အသိုက်အဝန်းဟာ အဲဒီ တော်လှန်ရေး အစုအဖွဲ့တွေနဲ့ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံမှုတွေကို ချဲ့ထွင်သင့်ပြီလို့ SAC-Mရော၊ Crisis Groupပါ အသီးသီး အကြံပြု ဖော်ပြထားခဲ့ကြပါတယ်။

စစ်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရှောင် ဦးရေကလည်း စံချိန်တင် မြင့်တက်လာနေပါတယ်။ ပဋိပက္ခတွေကြောင့် ပြည်သူ ၃ သန်းကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂရဲ့ အေဂျင်စီတွေက ဖော်ပြကြပါတယ်။

“လက်ရှိ အရှိတရားကို နိုင်ငံတကာ အသိုက်အဝန်းက နားလည်သင့်နေပါပြီ။ မြန်မာ ပြည်သူတွေအတွက် အမှန်တကယ် လိုအပ်တဲ့ အထောက်အပံ့တွေ ထိထိရောက်ရောက် ပေးပို့နိုင်ရေးအတွက် တော်လှန်ရေး အင်အားစု တာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်မှုတွေ အစပြုသင့်နေပြီ ဖြစ်ပါတယ်”လို့ SAC-Mကို ဦးဆောင် ထူထောင်သူ တဦးဖြစ်တဲ့ ယန်ဟီးလီက ပြောကြားသွားခဲ့ပါတယ်။

(Bangkok Post၏ Myanmar’s ethnic armies consolidate strongholds as junta weakens ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)