တော်ဝင်နန်းတော်နားမှာ ကလေးကို ဆီးသွားစေခဲ့တဲ့ တရုတ် လင်မယားကို ထိုင်းတွေ အကြီးအကျယ် ဒေါသထွက်

မေ၊ ၃၀ 

ထိုင်းတော်ဝင်နန်းတော်နားမှာ ကလေးကို ဆီးသွားစေခဲ့တဲ့ တရုတ် လင်မယားကို ဒေါသတကြီး​ ဝေဖန်ပြစ်တင်မှုတွေ ထွက်ပေါ်လာပါတယ်။

ဘန်ကောက်မှာရှိတဲ့ တော်ဝင်နန်းတော်ဟာ ထိုင်းမှာတော့ အထွဋ်အမြတ်ထားရာ နေရာတခုဖြစ်ပြီး အခုလုပ်ရပ်ဟာ စော်ကားတဲ့ အဓိပ္ပါယ် မြောက်တယ်လို့ လူမှုကွန်ရက်မှာ ဝေဖန် ရေးသားနေကြပါတယ်။ အဲဒီ တရုတ် လင်မယားဟာ သမီးဖြစ်သူကို တော်ဝင်နန်းတော်ဆီ ဦးတည်ချဉ်းကပ်တဲ့ လမ်းဘေးတနေရာမှာ အပေါ့သွားစေတဲ့ ဓာတ်ပုံက အရမ်းလူပြောများသွားပါတယ်။

ဓာတ်ပုံကို ရိုက်ယူခဲ့တဲ့ ကမ္ဘာလှည့် ခရီးသည် တဦးက အဲဒီမိသားစုဟာ တရုတ်နိုင်ငံသားတွေလို့ တိတိကျကျ ပြောကြားခဲ့ပါတယ်။ ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွားနဲ့ အားကစားရေးရာ ဝန်ကြီး ဆမ်ဆက်ခ် ပွန်ပါနစ်က ဒီကမ္ဘာလှည့် ခရီးသည် မိသားစုရဲ့ လုပ်ရပ်ဟာ လေးစားမှု ကင်းမဲ့လွန်းတယ်လို့ ဝေဖန်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင်း ဆိုပါတယ်။ 

ဘန်ကောက်မြို့လယ်မှာ တည်ရှိတဲ့ တော်ဝင်နန်းတော်ဟာ တော်ဝင်မိသားစုနဲ့ ထိုင်းနိုင်ငံရဲ့ ဂုဏ်ယူစရာ ပြယုဂ်တခုအဖြစ် သတ်မှတ် ခံထားရပြီး တော်ဝင် အခမ်းအနားတွေ ကျင်းပရာ၊ နိုင်ငံတော် ဧည့်သည်တွေကို ဧည့်ခံတွေ့ဆုံရာ နေရာလည်း ဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ တရုတ် လင်မယားကို ဝေဖန်မှုတွေ မြင့်တက်နေသလို တချို့ကလည်း ဒီလိုကိစ္စမျိုး လုပ်ခွင့်ပေးလောက်အောင် သက်ဆိုင်ရာ လုံခြုံရေး အရာရှိတွေက ပေါ့လျော့ခဲ့သလား ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။ 

တော်ဝင်မိသားစုကို ကြည်ညို ထောက်ခံသူတွေကတော့ အဲဒီမိသားစုကို တော်ဝင်မိသားစုအပေါ် စော်ကားမှု စွဲချက်နဲ့ ပြစ်ဒဏ်ပေးသင့်တယ်လို့ ဝေဖန်နေကြပါတယ်။ အဲဒီ စွဲချက်အတွက် အမြင့်ဆုံး ပြစ်ဒဏ်ဟာ ထောင် ၁၅ နှစ်ဖြစ်ပါတယ်။

မနှစ်တုန်းကလည်း တော်ဝင်နန်းတော်ရှေ့ ရင်ပြင်မှာ နိုင်ငံခြားသူနှစ်ဦး ဘီကနီနဲ့ နေပူစာ လှုံနေခဲ့တဲ့ ဓာတ်ပုံကြောင့် ထိုင်းနိုင်ငံမှာ ဝေဖန်မှုတွေ အတော်လေး ဆူဆူပွက်ပွက် ဖြစ်ခဲ့ပါတယ်။

Ref: SCMP