မေ ၊ ၂၈
ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု ညွှန်ကိန်းမှာ အဆင့် ၁၀ ခုကျော် ထိုးကျသွားတာကြောင့် ပြည်တွင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေက အစိုးရ မူဝါဒတွေကို စိတ်ပျက်လက်ပျက် ဝေဖန်နေကြပါတယ်။
ကမ္ဘာ့ စီးပွားရေး ဖိုရမ် (WEF)က ထုတ်ပြန်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု ညွှန်ကိန်းမှာ ထိုင်းဟာ နောက်ဆုံးအကြိမ်တုန်းက အဆင့် ၃၆ ရှိခဲ့ရာက အခုအခါ အဆင့် ၄၇ ထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ကိုဗစ် ကပ်ရောဂါ ကာလမှာတောင် အဲဒီ ညွှန်ကိန်းမှာ ထိုင်းရဲ့ အဆင့်ကျမှုဟာ အခုလောက် မဆိုးခဲ့ဖူးပါဘူး။
အရှေ့တောင်အာရှ ဒေသတွင်းမှာတော့ စင်ကာပူက အဆင့် ၁၃၊ အင်ဒိုနီးရှားက အဆင့် ၂၂၊ မလေးရှားက အဆင့် ၃၅ နဲ့ ထိုင်းရဲ့အထက်မှာ အသီးသီး ရပ်တည်နေကြပါတယ်။ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ခုနှစ်နဲ့ ယှဉ်ရင်လည်း ထိုင်းဟာ အဆင့် ၆ ခုလောက် ကျဆင်းသွားတာ တွေ့ရပါတယ်။
WEFရဲ့ ညွှန်ကိန်းတွေဟာ ကွဲပြားတဲ့ ကဏ္ဍတွေအလိုက် စာရင်းပြုစု ဖော်ပြထားတာဖြစ်ပြီး ထိုင်းကိုတော့ ကမ္ဘာလှည့် ခရီးသွား ဝန်ဆောင်မှုနဲ့ အခြေခံ အဆောက်အအုံ ကဏ္ဍမှာ ၇ မှတ် အများဆုံးပေးတဲ့အနက် ၂.၁၈ မှတ်သာ သတ်မှတ်ထားတာ တွေ့ရပါတယ်။ WEFရဲ့ ညွှန်ကိန်းမှာ ထိုင်းနိုင်ငံဟာ အလယ်အလတ် အဆင့်ရဲ့အထက် ဝင်ငွေရှိတဲ့ စာရင်းထဲမှာ ဖော်ပြထားပါတယ်။
ထိုင်းခရီးသွား အေးဂျင့်များအဖွဲ့ (ATTA)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဆစ်ဒီဗာချာ ချီဝါရတ်တာနာပေါင်က ကိုဗစ်ကာလအလွန် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့ရေးဟာ ဝန်ဆောင်မှုနဲ့ အခြေခံ အဆောက်အအုံတွေ မြှင့်တင်မှု၊ ဖြည့်တင်းမှုတွေအပေါ် အများကြီး မှီခိုနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အရင် အစိုးရ လက်ထက်တုန်းကတော့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကဏ္ဍကို ကိုင်တွယ်ပုံ အားလုံးအတွက် စိတ်ပျက်ခဲ့ရကြောင်း၊ လက်ရှိ အစိုးရ လက်ထက်မှာ နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်ပြီး အစကောင်းခဲ့ပေမယ့်လည်း ဝန်ဆောင်မှုတွေနဲ့ အခြေခံ အဆောက်အအုံတွေ မြှင့်တင်ရေး အစီအမံတွေမှာတော့ အရင်လူတွေနဲ့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာ မတွေ့ရသေးကြောင်း သူက ဝေဖန်သွားပါတယ်။
နောက်ပြီး မကြာသေးခင် လပိုင်းတွေအတွင်း အစိုးရဟာ နိုင်ငံအနှံ့မှာ လူမြင်ကောင်းအောင် ခရီးလှည့်လည်တာတွေနဲ့ အချိန်ကုန်နေပြီး ကမ္ဘာလှည့် ခရီးသွား ဝန်ကြီးဟာ သူ့ရဲ့ အဓိက အခြေခံ အကျဆုံး တာဝန် ဝတ္တရားတွေကို အာရုံမစိုက်နိုင်ဘဲ ဖြစ်ခဲ့တယ်လို့လည်း ပြောကြားသွားပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာနအတွင်း ရာထူးတွေ မတည်မငြိမ် ဖြစ်ခဲ့ခြင်းက မူဝါဒ ဖော်ဆောင်မှုတွေ အဆက်ပြတ်ပြီး လွန်ခဲ့တဲ့ ၉ လတာအတွင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဖြစ်သင့်သလောက် ခရီးရောက်အောင် မပံ့ပိုးနိုင်ခဲ့ကြောင်းလည်း ဆစ်ဒီဗာချာက သုံးသပ်ခဲ့ပါတယ်။ အစိုးရဟာ လက်ရှိ ကြုံနေတဲ့ အတားအဆီးတွေကို မပြင်ဆင်နိုင်ဘူးဆိုရင် WEFရဲ့ ညွှန်ကိန်းတွေထဲက ကမ္ဘာလှည့် ခရီးသွားရေးရာ ကဏ္ဍမှာ လက်ရှိထက် အဆင့်တွေ ထိုးကျဦးမှာ ဖြစ်တယ်လို့လည်း သူက သတိပေးသွားပါတယ်။
Ref: Bangkok Post