အီရန်သမ္မတ ရဟတ်ယာဉ် ပျက်ကျမှု ပြင်ပ ပယောဂ အထောက်အထားမတွေ့

မေ ၊ ၂၅

ရဟတ်ယာဉ် ပျက်ကျပြီး သမ္မတ သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ ပြင်ပ ပယောဂ တခုခု ပါဝင်ပတ်သက်တဲ့ အထောက်အထား မတွေ့ရကြောင်း အီရန် အစိုးရက ကြေညာခဲ့ပါတယ်။

သမ္မတ အီဘရာဟမ် ရိုင်ဆီဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အိမ်နီးချင်း အဇာဘိုင်ဂျန် နိုင်ငံကနေ အပြန် မြူထူနေတဲ့ တောင်ပေါ်ဒေသ တခုမှာ ရဟတ်ယာဉ် ပျက်ကျတာကြောင့် တခြား ၇ ဦးနဲ့အတူ သေဆုံးခဲ့ပါတယ်။

ကနဦး စုံစမ်းမှုတွေအရ ရဟတ်ယာဉ်ဟာ တောင်စောင်းကို ဝင်တိုက်မိတဲ့နောက် မီးလောင်ကျွမ်းသွားတယ်ဆိုတာ အတည်ပြု တွေ့ရှိထားကြောင်း၊ ဒါပေမဲ့ ပစ်ချခံရတဲ့ ကျည်ဆန်ရာလို အထောက်အထားတွေတော့ ဘာမှ မရှိကြောင်း စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။

ရဟတ်ယာဉ်ဟာ သတ်မှတ် လမ်းကြောင်းအတိုင်း ပျံသန်းခဲ့ပြီး လမ်းကြောင်း ရုတ်တရက် ပြောင်းလဲလိုက်တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။

အီရန်ရဲ့ စစ်ဘက်စုံစမ်းစစ်ဆေးရေး အရာရှိတွေက ရဟတ်ယာဉ် ပျက်ကျမှုကို အဓိက တာဝန်ယူ စုံစမ်းစစ်ဆေးနေပြီး လက်ရှိ အချိန်ထိ ဘေးပယောဂနဲ့ ဆက်စပ်တဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ ပြောပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာ ဆယ်စုနှစ်တွေနဲ့ချီ သက်တမ်းရှိခဲ့တဲ့ အမေရိကန်လုပ် Bell-212 အမျိုးအစားဖြစ်ပြီး နယ်စပ်ကနေ တာဘရစ်ဇ်မြို့ဆီ ဦးတည်ပျံသန်းချိန် ပျက်ကျခဲ့တာပါ။ စုစုပေါင်း ရဟတ်ယာဉ် ၃ စီး ပျံသန်းချိန်မှာ ကျန်တဲ့ ၂ စီးကတော့ ရည်မှန်းထားတဲ့ နေရာကို ချောချောမောမော ရောက်ရှိခဲ့ကြပါတယ်။

ရဟတ်ယာဉ် ပျက်ကျမှုမှာ အသက် ၆၃ နှစ်အရွယ် သမ္မတအပြင် နိုင်ငံခြားရေးဝန်ကြီး အေမာ အက်ဒိုလာဟီယန်လည်း ကွယ်လွန်သွားခဲ့ပါတယ်။ အခုသီတင်းပတ်ကုန်မှာတော့ သမ္မတအတွက် နိုင်ငံတော်အဆင့် ဈာပန အပါအဝင် ကွယ်လွန်သူတွေရဲ့ နာရေးကိစ္စတွေ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

Ref: Reuters