မေ ၊ ၂၅
ပါပူအာ နယူးဂီနီ နိုင်ငံမှာ ဆိုးရွားတဲ့ မြေပြိုမှုကြီးအပြီး ရာနဲ့ချီ ပျောက်ဆုံးနေသူတွေကို အသည်းအသန် ရှာဖွေနေကြပါတယ်။
ပါပူအာ နယူးဂီနီရဲ့ ဝေးလံခေါင်သီတဲ့ အန်ဂါ ဒေသမှာ မေလ ၂၃ ရက်နေ့က ဆိုးဆိုးရွားရွား မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ကျေးရွာတချို့ ရွာလုံးကျွတ် ရွှံ့နွံတွေအောက် နစ်မြုပ် ပျောက်ကွယ်သွားခဲ့ပါတယ်။
သတင်းဆိုးကို ကြားကြားချင်း အစိုးရက အန်ဂါ ဒေသဆီ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တခုကို စေလွှတ်ပေးခဲ့ပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေနိုင်ရေး အပူတပြင်း လုပ်ဆောင်နေကြောင်း သိရပါတယ်။
မြေပြိုမှုတွေကြောင့် အနည်းဆုံး အိမ်ခြေ ၁၂၀၀ လောက် ရွှံ့နွံတွေအောက် နစ်မြုပ်သွားခဲ့ပြီး လူပေါင်း ၃၀၀ ထက်မနည်း ပျောက်ဆုံးနေပါတယ်။ အခြေအနေအရ ပျောက်ဆုံးနေသူတွေရဲ့ အသက်ရှင်ရေး မျှော်လင့်ချက်ဟာ အချိန်လု ကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်စွမ်းအပေါ် တည်မှီနေပါတယ်။
နေရာအနှံ့မှာ မြေပြိုမှုတွေက ဆက်လက် ဖြစ်ပွားနေကြောင်း၊ ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေရသူတွေ အတွက်လည်း အခြေအနေတွေက အန္တရာယ် ကြီးလွန်းနေကြောင်း ကယ်ဆယ်ရေး ကဏ္ဍမှာ ပါဝင်ကူညီနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ တခုရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆာဟန် အက်တော့ပရက်က ဆိုပါတယ်။
မြေပြိုမှုတွေက အဝေးပြေး လမ်းမတွေကိုပါ ပိတ်ဆို့ကုန်စေတဲ့အတွက် လက်ရှိမှာတော့ အခြေအနေ အဆိုးဆုံး ဧရိယာတွေဆီကို ရဟတ်ယာဉ်တွေနဲ့သာ သွားရောက်နိုင်တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ မှတ်တမ်း ဓာတ်ပုံတွေမှာတော့ အပျက်အစီးတွေ အောက်ကနေ ရုပ်အလောင်းတွေကို ရွာသားတွေက ဆွဲထုတ်နေတာ တွေ့ရပါတယ်။ လက်ရှိ အချိန်ထိတော့ သေကြေပျက်စီးမှု အရေအတွက်နဲ့ အတိုင်းအတာကို တိတိကျကျ မသိရသေးပါဘူး။
အခင်းဖြစ်တဲ့ နေရာဟာ လူဦးရေ ထူထူထပ်ထပ် နေထိုင်တာ မဟုတ်တာတောင်မှ အသေအပျောက် ရာနဲ့ချီ ရှိနိုင်တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေက ခန့်မှန်းထားပါတယ်။
အခုသီတင်းပတ် အစောပိုင်းကစလို့ ဒေသတွင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး နောက်ဆက်တွဲ အခုလို မြေပြိုတဲ့ အခြေအနေတွေ ကြုံလာရတာ ဖြစ်ပါတယ်။
Ref : Businesstime