ဆူပူမှုတွေ ဖြစ်ပေါ်စေတဲ့ နယူးကာလီဒိုးနီးယား ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးကိစ္စ ပြင်သစ် အစိုးရ နောက်ပြန်ဆုတ်

မေ၊ ၂၄

သွေးချောင်းစီး အုံကြွမှုတွေ ဖြစ်ပွားခဲ့တဲ့နောက် ပြင်သစ်ပိုင် နယူး ကာလီဒိုးနီးယား ကျွန်းမှာ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ပြောင်းလဲရေး ကိစ္စကို ဆက်လက် တွန်းအားပေးတော့မှာ မဟုတ်ဘူးလို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မာခရွန်က ပြောကြားလိုက်ပါတယ်။

မာခရွန်ဟာ အငြင်းပွားဖွယ် ဥပဒေမူကြမ်း ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့အတွက် ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်ကို အခုသီတင်းပတ်ထဲမှာ ရောက်ရှိလာခဲ့ပါတယ်။ တချိန်က ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ နာမည်ကျော်တဲ့ သာယာလှပတဲ့ ကျွန်းလေးဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက် အတွင်းမှာတော့ ဆူပူရမ်းကားမှုတွေကြောင့် အကျည်းတန်သွားခဲ့ပါတယ်။

နယူး ကာလီဒိုးနီးယားမှာ ကနဦး တိုင်းရင်းသား အနွယ်တွေသာ မဲပေးခွင့်ရှိတယ်ဆိုတဲ့ ဥပဒေကို ပြောင်းလဲဖို့ ပြင်သစ် အစိုးရက အဆိုပြုခဲ့ရာကနေ မကျေမနပ် အုံကြွမှုတွေ ဖြစ်ပေါ်လာတာပါ။ အကျိုးဆက်ကတော့ ရဲနှစ်ဦး အပါအဝင် စုစုပေါင်း လူခြောက်ဦး သေဆုံးခဲ့သလို ရာနဲ့ချီတဲ့ အိမ်တွေ၊ ကားတွေ၊ ဆိုင်တွေနဲ့ တခြားအဆောက်အအုံတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

ဒေသခံ ကာနက် တိုင်းရင်းသား မျိုးနွယ်စုတွေက ပြင်သစ်အစိုးရ အဆိုပြုတဲ့ ဥပဒေ အပြောင်းအလဲကြောင့် သူတို့ရဲ့ လိုလားမှု အသံတွေ ပျောက်ဆုံးသွားမှာကို စိုးရိမ်ပြီး အုံကြွလာတာ ဖြစ်ပါတယ်။ အခုအခါ ပြင်သစ် အနွယ်တွေ အများအပြားက အဲဒီကျွန်းမှာ လာရောက် နေထိုင်နေပြီး ကာနက်တွေဟာ ကျွန်းလူဦးရေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ ဒါကြောင့် ကျွန်းမှာ နေထိုင်သူ အားလုံးကို မဲပေးခွင့် ပြုလိုက်ရင် အနာဂတ် လွတ်လပ်ရေး တောင်းဆိုမှုလို ကိစ္စတွေမှာ ကနဦး အခြေချသူတွေရဲ့ အသံ အစစ်အမှန် ပျောက်ကွယ်သွားနိုင်တယ်လို့ ကာနက် တိုင်းရင်းသားတွေက ပြောပါတယ်။

မေလ ၂၃ ရက်နေ့မှာတော့ မာခရွန်က လက်ရှိ အခြေအနေတွေကို အကြောင်းပြုပြီး ဥပဒေမူကြမ်း အဆိုပြုချက်ကို ရှေ့ဆက်တိုးတော့မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ပိုပြီး ကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့နဲ့ တင်းမာမှုတွေကို လျှော့ချဖို့ အချိန်လိုအပ်မှာဖြစ်ကြောင်း၊ သူဟာ ဥပဒေမူကြမ်း အဆိုပြုချက်ကို သေချာ ပြန်လည် သုံးသပ်သွားမှာဖြစ်ကြောင်း မာခရွန်က ဆိုပါတယ်။

မာခရွန်ဟာ နယူး ကာလီဒိုးနီးယားမှာ ရှိနေချိန် အတောအတွင်း လွတ်လပ်ရေး လိုလားတဲ့ အင်အားစုတွေနဲ့ရော၊ ပြင်သစ် လက်အောက်ခံအဖြစ် ဆက်နေလိုတဲ့ အင်အားစုတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အရေးကြီးတာက အဲဒီ အင်အားစုနှစ်ခုကြား ဆွေးနွေး အဖြေရှာမှုတခု အကောင်အထည် ပေါ်လာဖို့ဖြစ်ပြီး နောက်ဆက်တွဲ အနေနဲ့ လူထု ဆန္ဒခံယူပွဲတခု ကျင်းပနိုင်ဖို့ မျှော်လင့်ကြောင်း မာခရွန်က ဆက်ပြီး ပြောကြားသွားပါတယ်။

Ref: AP