ဂြိုဟ်တုဖျက် လက်နက်တခုကို ရုရှား အာကာသထဲ လွှတ်တင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း အမေရိကန်ပြော

မေ၊ ၂၂

ရုရှားဟာ ဂြိုဟ်တုတွေကို ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တခုကို အာကာသထဲ စေလွှတ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း အမေရိကန်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှားဟာ ဂြိုဟ်တုတခုကို အာကာသထထဲ လွှတ်တင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ တခြားဂြိုဟ်တုတွေကို ဖျက်ဆီး ပစ်ချနိုင်တဲ့ လက်နက်စနစ် တခုလို့ ယုံကြည်ရကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် ပတ်ရိုင်ဒါက ပြောပါတယ်။

ရုရှားဟာ အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းထဲကို ဂြိုဟ်တုတခု လွှတ်တင်ခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒါဟာ ဂြိုဟ်တုဖျက် လက်နက်လို့ အမေရိကန်က ယူဆထားကြောင်း ရိုင်ဒါက ဆိုတယ်။ ပြီးတော့ ရုရှားဂြိုဟ်တု လွှတ်တင်ရာ ကမ္ဘာပတ်လမ်းထဲမှာ အမေရိကန် ဂြိုဟ်တုတွေလည်း အတူရှိနေတယ်လို့ သူက အတည်ပြုခဲ့ပါတယ်။

အမေရိကန်ဟာ နောက်ဆက်တွဲ အခြေအနေတွေကို စောင့်ကြည့်နေပြီး ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လုပ်နိုင်တာ မှန်သမျှ လုပ်သွားမယ်လို့လည်း ရိုင်ဒါက ဆိုပါတယ်။ ရုရှားကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

စူပါပါဝါ နိုင်ငံကြီး နှစ်ခုဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်တို့မှာ အာကာသထဲ လက်နက်ဖြန့်ကျက် တပ်ဆင်မှု ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တင်းတင်းမာမာ ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ အာကာသကို စစ်မက်ပြိုင်ဆိုင်ရာ နယ်မြေသစ် တခုအဖြစ် ပြောင်းလဲနေတယ် ဆိုတာမျိုးကို နှစ်ဖက်စလုံးက အပြိုင်အဆိုင် စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။

Ref: BBC