ဘန်ကောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ လေယာဉ်ရဲ့ ကြောက်စရာ အတွေ့အကြုံကို ခရီးသည်တွေ ဖွင့်ဟ

မေ၊ ၂၂

ပျံသန်းနေတဲ့အချိန် လေယာဉ် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါမှုနဲ့ ကြုံခဲ့တဲ့ ကြောက်မက်ဖွယ်ရာ အတွေ့အကြုံကို စင်ကာပူ လေကြောင်းလိုင်းရဲ့ ခရီးသည်တွေက ပြန်လည် ပြောပြခဲ့ကြပါတယ်။ 

မေလ ၂၁ ရက်နေ့က လန်ဒန် ဟိဿရိုး လေဆိပ်ကနေ စင်ကာပူ ချန်ဂီ လေဆိပ်ကို ပျံသန်းလာတဲ့ ခရီးစဉ်အမှတ် SQ321 လေယာဉ်ဟာ မြန်မာနိုင်ငံ လေပိုင်နက်ကို ဖြတ်ပျံနေချိန် ရုတ်တရက် ကိုယ်ထည် အပြင်းအထန် တုန်ခါမှု (turbulence)ဒဏ်ကို ခံစားခဲ့ရပါတယ်။

လေယာဉ်ဟာ လျင်လျင်မြန်မြန် ဖွဲ့စည်းဖြစ်ပေါ်ပြီး အားကောင်းလာတဲ့ မိုးကြိုးမုန်တိုင်း တခုထဲ ဝင်ရောက်သွားခဲ့ရာက အခုအခြေအနေဆိုးကို ကြုံခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။ အဲဒီ ဖြစ်စဉ်မှာ ဗြိတိန်နိုင်ငံသား သက်ကြီးပိုင်းအရွယ် အမျိုးသားတဦး နှလုံးဖောက် သေဆုံးခဲ့သလို လူတွေ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူ ဦးရေကို သတင်းတွေ ဖော်ပြချက်က အမျိုးမျိုး ကွဲလွဲနေပေမယ့် ခရီးသည်နဲ့ အမှုထမ်း ၂၂၉ ဦးထဲက ၇၁ ယောက်လောက် ဒဏ်ရာတွေ ရခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ပြီးတော့ အနည်းဆုံး ၁၂ ဦးလောက်ဟာ ဆေးရုံတက်ရောက် ကုသမှု ခံယူရတဲ့ထိ အခြေအနေ ပြင်းထန်ခဲ့ဖွယ် ရှိပါတယ်။

လေယာဉ်မှူးဟာ လေယာဉ်ကို ပြန်လည် ထိန်းချုပ်နိုင်ပြီးတာနဲ့ အရေးပေါ် အခြေအ​နေ ကြေညာခဲ့ပြီး ဘန်ကောက်က သုဝဏ္ဏဘူမိ လေဆိပ်မှာ ဆင်းသက်နိုင်ဖို့ ခွင့်တောင်းပြီး အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လေယာဉ်ဟာ ငြိမ့်ငြိမ့်လေး ပျံသန်းနေရာကနေ ရုတ်တရက် ခါထွက်သွားပြီး အောက်ကို နိမ့်ဆင်းသွားသလို ခံစားခဲ့ရကြောင်း မလေးရှား ကျောင်းသား ဒက်ဇာဖရန် အက်ဇ်မာက ပြောပါတယ်။ Boeing 777-300R အမျိုးအစား လေယာဉ်ရဲ့ အောက်စီဂျင် မျက်နှာဖုံးတွေ ရုတ်တရက် ကျလာသလို လုံခြုံရေး ခါးပတ် ပတ်မထားတဲ့ ခရီးသည်တွေရော၊ ပစ္စည်းတွေပါ လေယာဉ် ကိုယ်ထည်ထဲမှာ အထက်အောက် ခပ်ပြင်းပြင်း ဆောင့်မိကုန်တယ်လို့ သူက ဆိုပါတယ်။

အဲဒီအချိန်တုန်းက ခရီးသည် တော်တော်များများ လုံခြုံရေး ခါးပတ် ပတ်မထားမိတာကို သတိထားမိခဲ့ကြောင်းလည်း သူက ပြောပါတယ်။ နောက်ထပ် ကိုယ်တွေ့ ကြုံခဲ့သူ ခရီးသည် တဦးဖြစ်တဲ့ အန်ဒရူး ဒေးဗီးစ်ကလည်း လေယာဉ်ထဲမှာ ရုတ်တရက် ငရဲဆန်ဆန် ပြောင်းလဲသွားတာတွေကို လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား မျှဝေခဲ့ပါတယ်။

ခေါင်းကွဲသွားတဲ့သူတွေ၊ နားထဲကနေ သွေးတွေ ယိုစီးထွက်နေတဲ့ သူတွေကို တွေ့ခဲ့ရကြောင်း၊ လေယာဉ် ကိုယ်ထည်ထဲမှာလည်း မုန်တိုင်းမွှေသွားသလို ပစ္စည်းတွေ ပြန့်ကြဲနေခဲ့ကြောင်း သူက ဆိုပါတယ်။ ကော်ဖီတွေနဲ့ ရေတွေကလည်း မျက်နှာကျက်ထိ စိုရွှဲနေပြီး အရာရာ အပျက်အစီးတွေ ပြည့်နေကြောင်း ဒေးဗီးစ်က ပြောပါတယ်။

သူက ခက်ခဲတဲ့ အခြေအနေအတွင်းမှာ လေယာဉ် အမှုထမ်းတွေဟာ တတ်နိုင်သမျှ အကောင်းဆုံး ထိန်းသိမ်းစီမံနိုင်ဖို့ ကြိုးစားခဲ့တယ်လို့လည်း အသိအမှတ် ပြုထားပါတယ်။ လုံခြုံရေး ခါးပတ် ပတ်မထားမိသူမှန်သမျှ အကောင်းမကျန်ဘဲ အကုန် ဒဏ်ရာရခဲ့တယ်လို့လည်း ဒေးဗီးစ်က ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၇၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသား တဦးဖြစ်ပြီး နှလုံးဖောက် ကွယ်လွန်တယ်လို့ ယူဆရပေမယ့် သေမှုသေခင်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ ဒဏ်ရာရသူတွေထဲမှာ တချို့ဟာ လက်မောင်းတွေ ကျိုးကုန်ပြီး အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ခရီးသည်တွေထဲက ၁၃၁ ဦးနဲ့ အမှုထမ်း ၁၂ ဦးကတော့ နောက်တနေ့မှာတော့ စင်ကာပူကို ရောက်ရှိခဲ့ကြောင်း ချန်ဂီလေဆိပ်က အတည်ပြုပါတယ်။

လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ အခြေအနေကို စင်ကာပူရဲ့ သယ်ယူပို့ဆောင်မှု လုံခြုံရေး စုံစမ်းစစ်ဆေးမှု ဗျူရိုနဲ့ ထိုင်းနိုင်ငံက လေကြောင်းလုံခြုံရေး အရာရှိတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။

Ref: CNA