သွင်းအားစုတွေ ရှားပါး၊ စျေးကြီးတာကြောင့် ရခိုင်လယ်သမားတွေ အခက်ကြုံ

မေ၊ ၂၁

လချီကြာအောင်တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်မနဲ့ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်က လယ်သမားတွေအနေနဲ့ လယ်ထွန်စက် အပိုပစ္စည်း၊ စက်သုံးဆီ၊ ဓါတ်မြေဩဇာစတဲ့သွင်းအားစုတွေ ရှားပါးတာ၊ စျေးအဆမတန်ကြီးမြင့်နေတာတို့ကြောင့်  လယ် ယာမြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။

“ထွန်စက်တွေ မပြင်ရင် မိုးတွင်းထွန်လို့အဆင်မပြေဘူး၊ ဒါပေမယ့် ပစ္စည်းရှာမရတော့ အခုထိ တော် တော်များများ မပြင်ကြရသေးဘူး၊ စက်ပစ္စည်းရှာတွေ့ရင်တောင် စျေးတအားကြီးတော့ တော်ရုံတန်ရုံလူတွေ မပြင်နိုင်ဘူး၊ လယ်တွေဘယ်လိုထွန်ရမယ်မှန်းတောင် ခုထိ မသိသေးဘူး”လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်မှာ လယ်ဧက သုံးဆယ်ကျော် စိုက်ပျိုးတဲ့ လယ်သမားတဦးက ပြောပါတယ်။

ရခိုင်ပြည်တွင်း တိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ လဆန်းကတည်းက ရခိုင်ပြည်နဲ့ တခြားပြည်မမြို့တွေကြား ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေအားလုံးကို စစ်ကောင်စီက ဖြတ်တောက်၊ ပိတ်ပင်ထားခဲ့တာကြောင့် ဒေသတွင်း ကုန်စည်ပြတ်လပ်မှုတွေနဲ့ ကြုံနေကြရတာပါ။

“စက်ပစ္စည်းက အသစ်ဝင်တာမရှိဘူး၊ လက်ကျန်တွေကိုပဲ ပြန်ရောင်းနေကြတာ၊ အဲဒီလက်ကျန်တွေလည်း ပြတ်ကုန်ပြီ၊ စျေးကလည်း တအားတက်နေတယ်”လို့ မြေပုံမြို့က စက်ပစ္စည်းရောင်းချသူတဦးကလည်း ပြောပါတယ်။

အလားတူပဲ လယ်ယာလုပ်ငန်းအတွက် အသုံးပြုကြရမယ့် စက်သုံးဆီ ဓါတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုတွေလည်း ပြတ်လပ်တဲ့အခြေအနေရောက်နေပြီး သုံးဆကနေ ဆယ်ဆလောက်ထိ စျေးတက်နေတယ်လို့ လယ် သမားတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ်မိုးရာသီတုန်းက တပီပါ(၅၅ ဂါလံ)ကို ငါးသိန်းဝန်းကျင်ပေးခဲ့ရတဲ့ ဒီဇယ်ဆီဟာ အခုနှစ်မှာ ၁၈ သိန်းဝန်းကျင်ထိ စျေးရှိနေပြီး ဓါတ်မြေဩဇာတအိတ်ကိုလည်း သုံးသိန်းဝန်းကျင်အထိ ရှိနေတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

“စက်အပိုပစ္စည်းတွေ၊ မြေဩဇာတွေ ခက်ခက်ခဲခဲရှာဝယ်လို့ရရင်တောင် လယ်ထွန်ဖို့ တွက်ချေမကိုက်တော့ဘူး၊ မိသားစုစားဖို့လောက်ရအောင်ပဲ ထွန်ဖို့ စဉ်းစားထားတယ်၊ စစ်တွေဖက်တိုက်ပွဲစရင် အဲဒါတောင် ထွန်ဖို့ မလွယ်ဘူး”လို့ စစ်ကောင်စီထိန်းချုပ်မှုအောက် ရှိနေသေးတဲ့ စစ်တွေမြို့နယ်နဲ့ နယ်မြေချင်းထိစပ်တဲ့ ပေါက်တောမြို့နယ်ဒေသခံ လယ် သမားတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ ရခိုင်ဒေသတခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်သတိပေးထားတာပါ။

လက်ရှိအခက်ခဲတွေကြောင့် စပါးကို မိုးရာသီတခုတည်းမှာပဲ တသီးသာစိုက်ပျိုးကြတဲ့ ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧကတွေ သိသိသာသာကျဆင်းသွားနိုင်တယ်လို့ လယ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လယ်သမားတွေက ခန့်မှန်းကြပါတယ်။

ဒေသတွင်း စပါးစိုက်ဧက ကျဆင်းသွားခဲ့ရင် ပြည် တွင်းရိက္ခာဖူလုံရေးကိုပါ ထိခိုက်လာနိုင်တဲ့အခြေ အနေရှိတာကြောင့် အဖွဲ့အစည်းတွေအားလုံးအနေနဲ့ ဝိုင်းဝန်းနည်းလမ်းရှာ၊ ကူညီပေးဖို့ လိုအပ်တယ်လို့ ဓည၀တီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအသင်းဝင် ဦးမောင်သိန်းလှက ထောက်ပြပါတယ်။

“စိုက်ဧကအတိုင်းအတာတခုလောက်အထိ ရခိုင်ဒေသဝမ်းစာဖူလုံရေးကို အလေးထားဖို့အချိန်အခါဖြစ်တယ်၊ အမျိုးသားရေးတာဝန်တရပ်လို ဖြစ်နေတဲ့အချိန်လို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

စပါးစိုက်ဧက ၁၂ သိန်းဝန်းကျင်ရှိတဲ့ ရခိုင်ပြည်နယ်မှာ သွင်းအားစုတွေ စျေးကြီးတာ၊ ရာသီဥတုမမှန် မိုးခေါင်တာ၊ မိုခါမုန်တိုင်းကြောင့် အရင်းအနှီးတွေ လိုသလောက် မသွင်းနိုင်ခဲ့တာတို့ကြောင့် အခုနှစ်တွေအတွင်း စိုက်ဧက ဆက်တိုက်ကျဆင်းခဲ့ပြီး အထွက်နှုန်းလည်း သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက စပါးစိုက်ဧက ဆယ်သိန်းဝန်းကျင်ရှိခဲ့ပေမယ့် မိုးဦးကာလ မိုးခေါင်တာ၊ မိုးနှောင်းကာလ မုန်တိုင်းဝင်တာတို့ကြောင့် အ ထွက်နှုန်း သုံးပုံတပုံထိ ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် မိုးဦးကာလ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက်ရိတ်သိမ်းချိန်မှာ တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ မနှစ်ကလည်း စိုက်ဧက ကိုးသန်းဝန်းကျင်သာရှိခဲ့ကာ အ ထွက်နှုန်း ကျဆင်းခဲ့တယ်လို့ တောင်သူလယ် သ မားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက ဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်ဝက်ကျော်ကို သိမ်းပိုက်၊ ထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ ပြင်ဆင်လုပ်ဆောင်နေတဲ့ အာရက္ခတပ်တော်(AA)ကတော့ လယ်သမားတွေ အချိန်မီ ထွက်ယက်စိုက်ပျိုးရေးဖို့ အရေးတကြီးလိုအပ်တဲ့ သွင်းအားစုတွေ ရနိုင်ရေး ကြိုးစားလုပ်‌ဆောင်နေတယ်လို့ ဆိုထားပါတယ်။