ကင်ဂျုံအန်းကို ဂုဏ်တင်ထားတဲ့ ဝါဒဖြန့် ဗီဒီယို အရမ်းပေါက်လာလို့ တောင်ကိုရီးယား ပိတ်ပင်

မေ၊ ၂၁

လူပြောများနေတဲ့ မြောက်ကိုရီးယား ဝါဒဖြန့် ဗီဒီယို တခုကို ပိတ်ပင်သွားမယ်လို့ တောင်ကိုရီးယားက အတည်ပြု ပြောကြားခဲ့ပါတယ်။

အဲဒီ သီချင်း ဗီဒီယိုဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို ဖော်ရွေတဲ့ ဖခင်ကြီး၊ ထူးချွန်တဲ့ ဦးဆောင်သူအဖြစ် ပုံဖော် ဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။ TikTokမှာ အဲဒီ ဗီဒီယိုဟာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး ပြည်တွင်းမှာပါ ကြည့်ရှုသူတွေ များပြားလာတာကြောင့် တောင်ကိုရီးယား မီဒီယာ ကြပ်မတ်မှု အာဏာပိုင်တွေကပါ စိုးရိမ်တကြီး တုံ့ပြန်လာတာ ဖြစ်ပါတယ်။

ဧပြီလမှာ လူမှုကွန်ရက်ပေါ် စတင်ရောက်ရှိလာတဲ့ ဗီဒီယိုဟာ ပြည်တွင်းမှာ အရမ်းပျံ့နှံ့နေတာဟာ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး အက်ဥပဒေနဲ့ ငြိစွန်းမှု ရှိမရှိ ပြန်လည် ဆန်းစစ်ခဲ့ကြောင်း၊ သီချင်း ဗီဒီယိုမှာ ကင်ကို အလွန်အကျွံ ဂုဏ်တင်ပြီး ချီးမြှောက် ဝါဒဖြန့်ထားတယ်လို့ စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ပိတ်ပင်တားဆီးဖို့ ဆုံးဖြတ်ခဲ့ကြောင်း တောင်ကိုရီးယား ဆက်သွယ်ရေး နည်းပညာ စံနှုန်း ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယား အမျိုးသား လုံခြုံရေး အက်ဥပဒေ သတ်မှတ်ချက်တွေထဲမှာ မြောက်ကိုရီးယားက ထုတ်လွှင့်တဲ့ မီဒီယာတွေ၊ ဝက်ဘ်ဆိုက်တွေနဲ့ ဝါဒဖြန့်မှုတွေကို တားဆီးပိတ်ပင်ဖို့ သတ်မှတ်ထားပြီး မြောက်ကိုရီးယား အစိုးရကို အားပေး ချီးမြှောက်တဲ့ အပြုအမူနဲ့ ဝါဒဖြန့်မှုတွေကို ပြစ်မှုမြောက်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အခုဗီဒီယိုဟာ တောင်ကိုရီးယားကို စိတ်ဓာတ်ရေးရာ ထိုးနှက်ပြီး ဝါဒဖြန့်ဖို့၊ မြောက်ကိုရီးယားမှာ ကင်ရဲ့ ကြီးမြတ်မှုကို ဂုဏ်တင်ပြီး သူ့ကို စံပြုနမူနာယူလာအောင် ဆွဲဆောင်ဖို့ ရည်ရွယ်ထားကြောင်း ကော်မရှင်က ဆိုပါတယ်။

Friedly Fatherလို့ နာမည်ပေးထားတဲ့ သီချင်းဟာ မြောက်ကိုရီးယားရဲ့ ​​​ဝါဒဖြန့် မီဒီယာ ယန္တရားမှာ နောက်ဆုံး ထွက်ရှိလာပြီး ပေါက်နေတဲ့ Popသီချင်း တပုဒ်ပါ။ အဲဒီ သီချင်းကို တောင်ကိုရီးယား လူမှုကွန်ရက် သုံးစွဲသူ တော်တော်များများ နောက်ပြောင်တဲ့ သဘောနဲ့သာ ဖြန့်ဝေနေပေမယ့် ကော်မရှင်ဖက်ကတော့ အန္တရာယ်များပြီး မပေါ့ဆသင့်တဲ့ အခြေအနေလို့ ယူဆပြီး အလေးအနက် တုံ့ပြန်လာတာ ဖြစ်ပါတယ်။

Ref: BBC