ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် လက်အောက်ခံစခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီလို့ AA အသိပေး

မေ ၊ ၁၈

ရခိုင်ပြည်နယ်ထဲက မြို့နယ် ထက်ဝက်လောက်ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် AA အနေနဲ့ ဘူးသီးတောင် ဗျူဟာဌာနချုပ်အပါအဝင် စစ်ကောင်စီစခန်းအားလုံးကို ထပ်ပြီးသိမ်းပိုက်နိုင်ပြီလို့ ဒီကနေ့ ထုတ်ပြန်အသိပေး လိုက်ပါတယ်။

ဘူးသီးတောင် ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းတွေ၊အမြောက်တပ်၊ထောက်ပို့တပ်ရင်းနဲ့ ဒေသကွပ်ကွဲမှု စစ်ဆင်ရေးဌာနချုပ် ဒကစ(စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းတချို့ အပါအဝင် စခန်းအားလုံးကို ဒီကနေ့ မွန်တည့်ချိန်မှာတခုမကျန်ရပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဘူးသီးတောင်တမြို့နယ်လုံးကို သိမ်းပိုက်နိုင်ဖို့အတွက်လပိုင်းအကြာ ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်ဟာ ဗျူဟာ ဌာနချုပ် ၊ အမတ (၃၇၈)၊ခမရ (၂၃၄)၊ခမရ (၃၄၅)၊ခမရ(၃၅၂)တပ်ရင်းတွေနဲ့ အမြောက်တပ်၊ထောက်ပို့ တပ်ရင်း ၊ GEတပ်ရင်းတို့ကို ဒီကနေ့မှာနောက်ဆုံးသိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။ အခုလ ၁၃ရက်နဲ့ ၁၄တို့ကတော့ စစ်ကောင်စီရဲ့ နခခ(၃)၊ နခခ(၈)စခန်းတွေအပြင် ခမရ ၃၅၃၊ခမရ ၅၃၅၊ခမရ ၂၆၃၊ခမရ ၂၃၃ စတဲ့ တပ်ရင်းတွေကို AA က သိမ်းပိုက်ထားတာပါ။

လက်ရှိမှာ အဲ့ဒီတပ်ရင်း၊တပ်စခန်းတွေကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ၊စစ်ကောင်စီထံ စစ်သင်တန်းတက်ကာ ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ဘင်္ဂါလီတပ်ဖွဲ့ဝင်တွေကို AA ကလိုက်လံပိတ်ဆို့ရှင်း လင်းနေပြီး တိုက်ပွဲတွေဆက်ဖြစ်နေသေးတယ်လို့ အသိပေးထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လွတ်မြောက်မယ်လို့ ထင်ရာအရပ်တွေဆီ ကစဉ့်ကလျားထွက်ပြေးနေကြတာကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ကကျေးရွာတွေမှ ာနေထိုင်သူတွေအနေနဲ့ စစ်ရေးသတိနဲ့နေ ထိုင် ကြဖို့လည်း AA ကသတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ရက်က စတင်တဲ့ ရခိုင်ဒေသတကျော့ပြန်တိုက်ပွဲတွေအတွင်း AA တပ်ဖွဲ့ဟာ ရခိုင်နဲ့ ချင်းအစပ်က ပလက်ဝ၊ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ပေါက်တော၊မင်းပြား၊မြောက်ဦး၊ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊မြေပုံ ၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေကို သိမ်းပိုက်ထားပြီး လက်ရှိမှာ ဘူးသီးတောင်ကိုပါထပ်ပြီး သိမ်းပိုက်နိုင်ခဲ့ တာ ဖြစ်ပါတယ်။

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက အာရက္ခတပ်တော် AA က အခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး သုံးလဝန်းကျင်အကြာမှာ မြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

Photo – AA Info Desk