လူဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ ကြော်ငြာဆိုင်းဘုတ် ပြိုကျမှုမှာ ပိုင်ရှင်ဖြစ်သူကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

မေ ၊ ၁၈

အိန္ဒိယမှာ လူဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ ဆိုင်းဘုတ် ပြိုကျမှုနဲ့ ပတ်သက်ပြီး ဆိုင်းဘုတ်ရဲ့ ပိုင်ရှင်ဖြစ်သူကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ မေလ ၁၃ ရက်နေ့က လေပြင်းတွေ တိုက်ခတ်ရာက ဧရာမ ဆိုင်းဘုတ်ကြီးတခု ကျိုးကျခဲ့တာ ဖြစ်ပါတယ်။ အလျား-အနံ မီတာ၇၀x၅၀ ထိ ကြီးမားကျယ်ပြန့်တဲ့ ဆိုင်းဘုတ်ကြီးဟာ စက်သုံးဆီဆိုင် တခုနဲ့ လူနေအိမ်တွေပေါ်ကို ကျိုးကျခဲ့တာပါ။

အဲဒီဖြစ်စဉ်မှာ လူ ၁၆ ဦးသေဆုံးပြီး ၇၅ ဦး ဆေးရုံရောက်ခဲ့ပါတယ်။ အဲဒီနောက် ရဲတွေက လူသေမှုတွေအတွက် အမှုဖွင့် စုံစမ်းခဲ့ပြီး မေလ ၁၇ ရက်နေ့မှာတော့ ကြော်ငြာဆိုင်းဘုတ် ပိုင်ရှင်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဘဟာဗက်ရှ် ဘာဟင်ဒီဟာ ဖြစ်စဉ်အပြီး ကတည်းက ထွက်ပြေး တိမ်းရှောင်နေခဲ့ကြောင်း၊ သူ့ကို မြောက်ဖက် ကီလိုမီတာ ၈၀၀ လောက်အကွာ ယူဒိုင်ပူရမြို့မှာ ဖမ်းဆီးရမိခဲ့ကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက မွမ်ဘိုင်းအပြင် အနီးတဝိုက် မြို့နယ်ရွာငယ်တွေမှာပါ မိုးသက်မုန်တိုင်းတွေ၊ သဲမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။

ရာသီဥတု ဆိုးရွားဖောက်ပြန်မှုကြောင့် မေလ ၁၃ ရက်မှာ မွမ်ဘိုင်း နိုင်ငံတကာ လေဆိပ်ကိုပါ အရေးပေါ် ပိတ်ခဲ့ရပြီး လေယာဉ် ၁၅ စီးလောက်ကို အရေးပေါ် လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့ရတယ်လို့လည်း သိရပါတယ်။

Ref: CNA