မေ၊ ၁၈
ပြီးခဲ့တဲ့လက ထိုင်းနဲ့ နယ်စပ်နားက မြဝတီမှာ ပွဲကြမ်းခဲ့တဲ့နောက် တိုက်ပွဲတွေက ပြန်လည် ငြိမ်သက်နေပါပြီ။ ဒါပေမဲ့ အာဏာသိမ်း စစ်တပ်ကတော့ မြဝတီကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ဖို့ ရည်မှန်းချက်နဲ့ အကြီးစား တန်ပြန်ထိုးစစ်ကြီးကို အစပြုခဲ့ပြီး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆ လတာအတွင်း မြန်မာစစ်တပ်ဟာ နိုင်ငံအရှေ့ပိုင်းက ကျယ်ပြန့်လှတဲ့ အစိတ်အပိုင်းတွေမှာ ကွဲပြားတဲ့ တော်လှန်ရေး အင်အားစုတွေဆီကို ထိန်းချုပ် နယ်မြေတွေ ဆက်တိုက် လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနောက် စစ်တပ်ဟာ အရှေ့ဖျားက နယ်ခြားဒေသတွေ အပါအဝင် ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ရသလောက် ပြန်သိမ်းဖို့အတွက် တန်ပြန်ထိုးစစ်ကြီးတခု ဆင်နွှဲလိမ့်မယ်ဆိုတဲ့ ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့ ကြည့်ရသလောက်တော့ အချိန်ဟာ စစ်တပ်အတွက် လုံလုံလောက်လောက် မျက်နှာသာပေးမယ့် အရင်းအမြစ် ဟုတ်ဟန်မတူပါဘူး။ မိုးရာသီဟာ သိပ်မကြာခင် သီတင်းပတ်တွေမှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ စစ်တပ်ရော၊ တော်လှန်ရေး အင်အားစုတွေပါ လုံးဝ မကြိုက်တဲ့ ကိစ္စတခု ရှိပါတယ်။ အဲဒါကတော့ နှစ်စဉ် ဇွန်လကနေ အောက်တိုဘာ လကုန်ထိ နိုင်ငံအနှံ့ မိုးသည်းသည်းထန်ထန် ရွာသွန်းတတ်တဲ့ စိုစိုစွတ်စွတ် ရာသီဥတုမျိုးမှာ စစ်တိုက်ရတာကိုပဲ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO)တွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မဟာမိတ် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)တို့ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာ လကုန်က အထင်ကရ ပူးပေါင်း စစ်ဆင်ရေးတွေ စတင်နိုင်ဖို့အတွက် ပွင့်လင်းရာသီအထိ စောင့်ခဲ့ကြပါတယ်။ အခုဆိုရင် တိုင်းရင်းသား တပ်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက ရန်ကုန်-နေပြည်တော်-မန္တလေး ဝင်ရိုးလမ်းကြောင်းနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်လောက် ဒေသတွေကို ပတ်ပတ်လည် ဝန်းရံနိုင်လောက်အောင် ထိန်းချုပ်နယ်မြေတွေ တိုးပွား ရရှိလာနေပါပြီ။
စစ်ရေးရှုထောင့်မှာ တော်လှန်ရေး အင်အားစုတွေက အံ့ဩလောက်စရာ အောင်မြင်မှုတွေ ရရှိလာတဲ့ အခါမှာတော့ လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခမှာ နောက်ဆုံးတော့ စစ်တပ်ပဲ နိုင်သွားဦးမယ်ဆိုတဲ့ ထင်ကြေးတွေကို လွင့်စဉ် လျော့ပါးသွားစေပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့လည်း သူ့ကိုယ်သူ သိက္ခာဆယ်ဖို့ရော၊ စိတ်ဓာတ် ကစဉ့်ကလျားနဲ့ အတော်လေး အခြေအနေ ဆိုးနေတဲ့ လက်အောက်ခံ တပ်တွေ ပြန်လည် တက်ကြွလာအောင် လှုံ့ဆော်ဖို့ အတွက်ပါ နိုင်ငံ အရှေ့ပိုင်းက လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်သိမ်းယူပြဖို့ လိုအပ်လာပါတယ်။
ဒီတော့ စစ်တပ်ရဲ့ အာရုံဟာ ကရင်ပြည်နယ်၊ တိတိကျကျ ပြောရရင်တော့ မြဝတီမြို့အပေါ် ကျရောက်သွားပုံပါပဲ။ မြဝတီဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်နားမှာ တည်ရှိပြီး မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နယ်စပ်ကုန်သွယ်ရေး မြို့တခု ဖြစ်ပါတယ်။ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ကုန်သွယ်မှုတွေဟာ မြဝတီကို အဝင်အထွက် ဖြတ်သန်းနေကြပါတယ်။
အတိအကျ ခန့်မှန်းဖို့ မလွယ်ပေမယ့် ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ် အများစုကတော့ ထောင်နဲ့ချီတဲ့ တပ်အင်အားတွေဟာ မြဝတီဆီ ချီတက်ဖို့ အနောက်ဖက် မိုင် ၄၀၀ လောက် အကွာမှာရှိတဲ့ ရန်ကုန်ကနေ ထွက်ခွာသွားကြတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အာဏာသိမ်း စစ်တပ်ရဲ့ ရည်မှန်းချက် ကြီးကြီးနဲ့ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးကြီးဟာ ဒေါနတောင်တန်းကို ဖြတ်ဖို့ အားထုတ်မှု ၃ ကြိမ်တိုင် တပ်လန်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတောင်တန်းကို ဖြတ်ကျော်ပြီးမှသာ စစ်တပ်ဟာ မြဝတီကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး ထိန်းချုပ်နိုင်ပါလိမ့်မယ်။
“လေကြောင်းပစ်ကူတွေ အပါအဝင် ရှိသမျှ လက်နက်မျိုးစုံကို ပုံအောပြီး သုံးနေပေမယ့် သူတို့တွေက တောင်တန်းကို မကျော်နိုင်ဘူး။ ဒေါနတောင်တန်းကို မကျော်နိုင်ရင် သူတို့ မြဝတီကို ဘယ်လိုမှ သိမ်းလို့မရဘူး”လို့ PDF သတင်းရင်းမြစ် တဦးက ဆိုပါတယ်။
“စစ်တပ်ဖက်က အယောက် ၁၀၀ လောက် သေပြီးပါပြီ။ ပြီးခဲ့တဲ့ လမှာတင် သူတို့ဖက်က နောက်ထပ် ၅၀ လောက် ဒဏ်ရာရတယ်။ အဲဒီထဲမှာ တော်တော်လေး အရေးကြီးတဲ့ အရာရှိတွေလောက်ကိုပဲ ရန်ကုန်ကို ပို့တယ်လို့ ကြားတယ်။ ကျန်တဲ့သူတွေကိုတော့ အနီးတဝိုက် ဆေးရုံတွေမှာပဲ တင်ထားတယ်။ လူနာတွေများလို့ ဆေးရုံတွေမှာတောင် မနိုင်မနင်း ဖြစ်နေတယ်လို့ သတင်းရပါတယ်”လို့ သူက ဆက်ပြောပါတယ်။
EAOတွေနဲ့ ဆက်နွှယ်တဲ့ တခြားရင်းမြစ် တခုကတော့ စစ်တပ်ဟာ မဟာဗျူဟာအရ အချက်အခြာကျတဲ့ နယ်မြေတချို့ ထိန်းချုပ်ထားနိုင်ဆဲ အရှေ့ပိုင်း ဒေသဆီ တိုက်ပွဲအတွေ့အကြုံ ပြည့်ဝတဲ့ တပ်တွေကို စေလွှတ်နေတယ်လို့ ပြောပါတယ်။ ဥပမာ ခမရ ၂၇၅ ဟာ မြဝတီရဲ့ အနောက်ဖက် ၁၄ မိုင်၊ ရွှေကုက္ကိုလ်ရဲ့ မြောက်ဖက် ကီလိုမီတာ ၂၀ လောက် အကွာမှာ ဖြန့်ကျက်ထားဆဲ ဖြစ်ပါတယ်။
အဲဒီ အင်အားစုဟာ စစ်တပ်အတွက်တော့ မလုံလောက်ပါဘူး။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အာရက္ခ တပ်တော် (AA)ကြားက တိုက်ပွဲတွေ ရပ်တန့်စေဖို့ တရုတ်က ကြားဝင် စေ့စပ်ပေးနေတဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်သွားရင်တော့ ရခိုင်ဖက်က တပ်တွေကို နိုင်ငံအရှေ့ပိုင်းမှာ ပိုမို ဖြန့်ကျက်လာနိုင်တယ်။ အတည်မပြုနိုင်သေးပေမယ့် သတင်းရင်းမြစ် တခုကတော့ အဲဒီ အခြေအနေမျိုးဟာ နောက်ထပ် သီတင်း နှစ်ပတ်လောက်အတွင်း ဖြစ်မြောက်လာနိုင်တယ်လို့ ဆိုတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ဟာ ကရင်ပြည်နယ် တခုလုံးရဲ့ ၉၀ ရာခိုင်နှုန်း လောက်မှာ ဖြန့်ကျက်ထားသလို ထိန်းချုပ်နယ်မြေတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဒါပေမဲ့လည်း မြဝတီရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေအရ မြေပြင်မှာ လှုပ်ရှားနေတဲ့ တပ်တွေကြားမှာ လုပ်ရကိုင်ရ ခက်တာတွေ ရှိနေတယ်။
လူဦးရေ ၂ သိန်းလောက် နေထိုင်တဲ့ မြဝတီမြို့ကို KNLAက သိမ်းယူလိုက်ပြီး မကြာခင်မှာပဲ စစ်တပ်ရဲ့ မဟာမိတ် ဖြစ်ခဲ့ဖူးတဲ့ နယ်ခြားစောင့်တပ် (BGF)နဲ့ ညှိနှိုင်း သဘောတူညီမှု ရယူပြီး ပြန်လည် ဆုတ်ခွာသွားခဲ့တယ်။ တချို့က ဒါဟာ မဟာဗျူဟာမြောက် ဆုတ်ခွာမှုလို့ ပြောကြပေမယ့် သိမ်မွေ့ခက်ခဲတဲ့ အခွင့်အာဏာ ဝေမျှမှုဆိုင်ရာ သဘောတူညီမှုတွေနဲ့ ဆက်နွှယ်နိုင်ပါတယ်။
KNLAနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က စစ်တပ်ဟာ ရှုံးမဲမဲပြီး မြဝတီကို ရက်ရက်စက်စက် ဗုံးကြဲမှာကို စိုးရိမ်ကြတယ်။ ဒါကြောင့်လည်း လက်ခံဖို့ ခက်ပေမယ့်လည်း မြဝတီမှာ အပစ်အခတ် ရပ်စဲမှု ပုံစံတခုကို ညှိယူခဲ့ရတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကြိုးကြိုးစားစား တိုက်ပွဲဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ အမြင်မှာတော့ သူတို့ ပေးဆပ် စွန့်စားခဲ့ရတာတာတွေနဲ့ မတန်ဘူး ဆိုတာမျိုး ဖြစ်လာတယ်။
“တခုခုတော့ အကြီးအကျယ် မှားနေတယ်လို့ ခံစားရတယ်။ အခြေအနေတွေက ငြိမ်သက်လွန်းတယ်။ စစ်သင်တန်းတွေမှာ ကျွန်တော်တို့ကို သင်ကြားပေးတာက စစ်ပွဲမှာ ကိုယ့်ရပ်တည်ချက်ကို အမှန်အတိုင်း ပြရမယ် ဆိုတာပါ။ ကျွန်တော်တို့ တကယ်လည်း အဲဒီ သဘောထားကို ကိုင်ဆွဲပြီး တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ နိုင်ငံရေးသမားတွေက ကျွန်တော်တို့ကို သစ္စာဖောက်ခဲ့တယ်လို့ ခံစားနေမိတယ်။ ကျွန်တော်က မြဝတီသားပါ။ ကျွန်တော်တို့ အဲဒီတိုက်ပွဲမှာ နိုင်ခဲ့တယ်လေ။ ဒါတောင်မှ ကျွန်တော်က ကိုယ့်မြို့ဆီကိုယ် သွားလို့မရဘူး”လို့ မဲဆောက်မှာ ရှိနေတဲ့ KNLA တိုက်ပွဲဝင် အရာရှိ တယောက်က ပြောပါတယ်။
ဒါပေမဲ့ ခုအချိန်မှာတော့ KNLAဟာ ရန်သူ့ဖက်က တန်ပြန်ထိုးစစ်အတွက်ပဲ အာရုံစိုက်ထားရမယ်လို့ သူက မှတ်ချက်ပေးခဲ့တယ်။ “နိုင်ငံရေးက ရှုပ်ပါတယ်။ စစ်ဆင်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေအကြောင်း လောလောဆယ် ကျွန်တော်တို့ မပြောနိုင်သေးဘူး”လို့လည်း သူက ဆိုတယ်။
မဲဆောက်ဟာ မြဝတီနဲ့ နယ်စပ်ခြားပြီး ထိုင်းဖက်ခြမ်းမှာ တည်ရှိနေပါတယ်။ အဲဒီမြို့နှစ်ခုကြားမှာ သောင်ရင်းမြစ်က ပိုင်းခြားထားတယ်။ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း အသီးသီးက တပ်ဖွဲ့ဝင်တွေလည်း မဲဆောက်ဖက်ကို အသွားအလာ ရှိသလို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စစ်ရေးတင်းမာမှုတွေကြောင့် ထိုင်းဖက်ခြမ်းထိ ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည်တွေ အရေးကိုလည်း NUGက အာရုံစိုက် ကိုင်တွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။
မိုးရာသီ ရောက်လာရင်တော့ ဘယ်ဖက်ကမှ ရွှံ့အလူးလူးနဲ့ တောလမ်းတွေမှာ ချီတက်ရင်း အချိန်မရွေး မြေပြိုနိုင်တဲ့ လျှိုမြောင်တွေ၊ မိုးသည်းသည်းထန်ထန် ရွာပြီဆိုရင် လမ်းစ ရှာတွေ့ဖို့ခက်တဲ့ သစ်တောတွေထဲမှာ စစ်မတိုက်ချင်ကြပါဘူး။ အဲဒီအချိန်မှာ ရိက္ခာနဲ့ အထောက်အပံ့တွေ သယ်ယူပို့ဆောင်ဖို့ကလည်း အရမ်းခက်သွားပြီး ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်ရွှေ့ပြောင်းဖို့ ဆိုတာက မဖြစ်နိုင်လုနီးပါးလို့တောင် သတ်မှတ်ရပါမယ်။
အဲဒါကိုက EAO ပေါင်း ၂၀ လောက်နဲ့ PDFတွေဟာ အသာစီး အခြေအနေကို ဆက်ထိန်းရင်း ဧပြီလကုန်ထိ ကာလတွေမှာ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတို့ဖက်က ဘာကြောင့် ရှေ့ဆက်မတိုးခဲ့သလဲဆိုတဲ့ နောက်ထပ် အကြောင်းရင်း တခုပါပဲ။ အများစုက စစ်တပ်ဟာ နိုင်ငံအရှေ့ပိုင်း နယ်မြေတွေကို အချိန်မီ ပြန်သိမ်းဖို့ မစွမ်းဆောင်နိုင်လောက်ဘူးလို့ သုံးသပ်ထားကြပါတယ်။
ဒီအတွေးအမြင်ကို လူတိုင်းက လက်ခံထားတာတော့လည်း မဟုတ်ပါဘူး။ နာမည် မဖော်လိုတဲ့ နိုင်ငံရေး သုတေသီ တယောက်ကတော့ မင်းအောင်လှိုင်ဟာ ဆက်တိုက် အရှက်ကွဲနေပြီး တော်လှန်ရေးဖက်က အောင်မြင်မှုတွေ ရနေတာကြောင့် လက်ဆုပ်လက်ကိုင် အောင်မြင်မှု တခုခုကို အသည်းအသန် လိုချင်နေကြောင်း၊ ဒီတော့ မိုးရာသီ ဝင်ရောက်လာရင်တောင် စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာတွေ အပါအဝင် စစ်ပွဲကို ဆက်တိုက်နေရင်း ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားလာနိုင်ကြောင်း သူ့အမြင်ကို ပြောပါတယ်။
ရာသီဥတုကြောင့် မြေပြင်တိုက်ပွဲတွေ ဆင်နွှဲဖို့ကတော့ ခက်ခဲမှာ သေချာကြောင်း၊ ဒါပေမဲ့ မိုးတွင်းမှာလည်း လုံးဝ စစ်ရပ်နားနေမယ်လို့ မထင်ကြောင်း သူက ဆိုတယ်။ တကယ်တမ်းဆိုရင် စစ်တပ်ဟာ ချောင်ပိတ်မိနေတာကြောင့် စစ်ရေးအရှိန်အဟုန်ကို ပိုမြှင့်တင်လာတာမျိုးတောင် ဖြစ်နိုင်တယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။
(The Diplomat၏ Fight or Concede, Myanmar’s Junta Must Decide ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)