ဒရုန်းတွေချည်း သီးသန့် အခြေစိုက်မယ့် လေယာဉ်တင်သင်္ဘောတစီး တရုတ်တည်ဆောက်နေ

မေ၊ ၁၇

တရုတ်ဟာ ဒရုန်းတွေနဲ့ သီးသန့် စစ်ဆင်ရေး ဆောင်ရွက်နိုင်မယ့် ကမ္ဘာ့ပထမဆုံး လေယာဉ်တင် သင်္ဘောသစ်ကို တည်ဆောက်နေတယ်လို့ သိရပါတယ်။

ယန်ဇီမြစ်ရိုးမှာ ရှိနေတဲ့ ဒေယန် သင်္ဘောကျင်းမှာ အဲဒီလေယာဉ်တင် သင်္ဘောကို တရုတ်က တည်ဆောက်နေတာဖြစ်ပြီး အမေရိကန်နဲ့သာ စစ်ရေး ပဋိပက္ခ ဖြစ်လာရင် စရိတ်သက်သာပြီး ထိရောက်မှု အားကောင်းမယ့် ရွေးချယ်မှု တခုအဖြစ် လျာထားတာလို့ နီးစပ်သူတွေက ဆိုပါတယ်။

အဲဒီ သင်္ဘောဟာ မျက်မှောက်ခေတ် လေယာဉ်တင် သင်္ဘောတွေထက် သေးငယ်ပေမယ့် ဒုတိယ ကမ္ဘာစစ်သုံး အမျိုးအစားတွေထက် ပိုကြီးမယ်လို့ ဆိုပါတယ်။ တရုတ် ရေယာဉ်ရဲ့ ဒီဇိုင်းဟာ သမားရိုးကျ မျဉ်းဖြောင့် ပြေးလမ်း ကုန်းပတ်ကို အသုံးပြုထားတာကြောင့် တင်ဆောင်နိုင်မယ့် လေယာဉ် အရေအတွက်ကို အကန့်အသတ် ဖြစ်စေနိုင်ပါတယ်။

တရုတ် ရေတပ်ဟာ ဒရုန်း တိုက်လေယာဉ်တွေကို အဲဒီ သင်္ဘောပေါ်ကနေ အဝေးထိန်း စနစ်နဲ့ ထိန်းချုပ်ပြီး စစ်ရေး လှုပ်ရှားစေမှာ ဖြစ်သလို အနာဂတ်မှာတော့ ဉာဏ်ရည်တု နည်းပညာ (AI) အထောက်အပံ့နဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်စေဖို့ထိ ရည်ရွယ်ထားကြောင်း သိရပါတယ်။

လက်ရှိ ကမ္ဘာ့ထိပ်တန်း ရေတပ်တွေမှာ ဒရုန်းတွေ အသုံးပြုမှုကို ပိုမို ချဲ့ထွင်လာနေပေမယ့် ဒရုန်းတွေ သီးသန့် အခြေစိုက်တဲ့ လေယာဉ်တင် သင်္ဘောမျိုးကိုတော့ ဘယ်နိုင်ငံကမှ လက်တွေ့ မတည်ဆောက်နိုင်သေးပါဘူး။ မူလက တူရကီဟာ F-35 တိုက်လေယာဉ်တွေ အခြေစိုက်စေဖို့ ရည်ရွယ်ထားတဲ့ Anadolu ကမ်းထိုး တိုက်ခိုက်ရေး ရေယာဉ်ကို F-35 ဝယ်ယူရေး သဘောတူညီမှု ပျက်ပြယ်သွားချိန်မှာ ဒရုန်းတင် ရေယာဉ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အီရန်က ဒရုန်းတင် သင်္ဘောအဖြစ် ကြေညာထားတဲ့ Shahid Mahdavi ရေယာဉ်ကလည်း တကယ်တမ်းမှာတော့ အရပ်ဖက်သုံး ကုန်တင် သင်္ဘော တစီးကို ပြင်ဆင်မွမ်းမံထားရုံသာ ဖြစ်ပါတယ်။

Ref: Navy News