ကျုံအိတ်တံတားမိုင်းခွဲခံရပြီးနောက် မြန်မာပြည်တောင်ပိုင်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေ

Photo – စစ်ကောင်စီ (ပုံစာ. စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားကို မေလ ၁၂ ရက်နေ့က သွားရောက်ကြည့်ရှုစဉ်)

မေ၊ ၁၅

သထုံနဲ့ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်အဝေးကားလမ်းမပေါ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ကုန်စည်စီးဆင်းမှုရပ်တန့်နေကာ စက်သုံးဆီပြတ်လပ်မှုတွေ ရှိလာနေတယ်လို့ မြို့ခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

“သွားမရတော့ ရန်ကုန်ဘက်က ဝင်လာတဲ့ ကုန်တချို့လည်း ပျက်နေပြီး၊ အခုတောင် စက်သုံးဆီတွေ ဆိုင်အများစုမှာ ပြတ်လပ်နေကြပြီးလေ၊ ဘယ်လိုမှ ဖြတ်သန်းလို့မရဘူး၊ တခြားလမ်းက ရှိပါရဲ့ ကုန်တင်ကားတွေ ဖြတ်လို့မှမရတာ၊ ဒီအတိုင်းဆို တနင်္သာရီဘက်ကိုလည်း သက်ရောက်မှု ရှိလာမယ်” လို့ မော်လမြိုင်မြို့မှ ကုန်သည်တဦးက DNA ကို ပြောပါတယ်။

ဒါ့အပြင် မြန်မာ​ ပြည်အောက်ပိုင်းကို တင်ပို့ရောင်းချနေတဲ့ ကုန်တွေလည်း ရပ်တန့်သွားသလို ဒေသထွက်ကုန်တွေဖြစ်ကြတဲ့ အသီးအနှံ့တွေနဲ့ တခြားစားသောက်ကုန်ပစ္စည်းမျိုးစုံ တင်ပို့ရာမှာလည်း အခက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

မော်လမြိုင်-ရန်ကုန်ပြည်ထောင်စုအဝေးပြေးကားလမ်းမပေါ်မှာ တည်ရှိတဲ့ ကျုံအိတ်တံတားက မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်း ကုန်သွယ်မှုအတွက် အချက်အချာကျတဲ့လမ်းမတခုဖြစ်သလို ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။

သထုံမြို့နယ် ကမာစိုင်ကျေးရွာနဲ့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအစပ်ကြားက ရကျုံအိတ်တံတားကို မေလ ၁၁ ရက် မနက် ၃ နာရီလောက်မှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

အရှည် ၉၅ ပေ၊ အကျယ် ၄၁ ပေ သံကူကွန်ကရစ်အမျိုးအစားဖြစ်တဲ့ ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ကွန်ကရစ်တံတားတခြမ်းနဲ့ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ဘေလီတံတားနှစ်စင်းလုံး ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

တံတားပြိုကျပျက်စီးသွားပြီးတဲ့နောက် ခရီးသွားပြည်သူတွေက ရွှေရောင်ပြကျေးရွာနဲ့ မိုးကောင်းကျေးရွာချင်းဆက်လမ်းကို အသုံးပြုခဲ့ကြပြီး အဲဒီလမ်းဟာ လမ်းကျဉ်းပြီး ကားငယ်တချို့သာ ဖြတ်သန်းသွားလာလို့ ရတာကြောင့် ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့ဈေးတွေက တက်နေကြပြီး၊ အများကြီးတော့မဟုတ်ဘူး၊ သုံးရာ၊ လေးရာ အဲဒီလောက်တော့ ဈေးတက်နေပြီးပေါ့၊ ဒီအတိုင်းသာဆိုရင် ဟိုတခါကလို ထပ်ဖြစ်မှာပဲထင်တယ်၊ မဖြစ်စေချင်ပေမယ့်လည်း ကိုယ့်အနေနဲ့ ဘာမှ ပြောလို့မရဘူးလေ၊ အားလုံးကျပ်တည်းနေတာ တရာဈေးတက်လည်း တရာစရိတ်က ပြန်ရှာထည့်ဖို့ မလွယ်ဘူးလေ” လို့ မော်လမြိုင်မြို့ခံ အိမ်ရှင်မတဦးက ပြောပါတယ်။

ကျေးရွာချင်းဆက်လမ်းကနေ ပုံမှန်အတိုင်းဖြတ်သန်းသွားလာမယ်ဆိုရင် နာရီဝက်မျှသာ ကြာမြင့်ပေမယ့် လမ်းကျဉ်းပြီး ယာဉ်ပိတ်ဆို့မှုတွေနဲ့ ဖြတ်သန်းသွားလာဖို့ အခက်အခဲတွေကြောင့် အနည်းဆုံးငါးနာရီကျော် ကြာမြင့်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီလမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေပြီး သတိထားသွားလာနေရတာကြောင့် အရေးပေါ်ကိစ္စမှအပ မလိုအပ်ဘဲ သွားလာခြင်း မပြုလုပ်ကြဖို့ကိုလည်း ယာဉ်မောင်းတွေက သတိပေးပြောဆိုနေကြပါတယ်။

ဒီလိုမျိုး တောလမ်းကနေတဆင့် သွားလာရတဲ့အခါမှာ အဆင်ပြေလွယ်ကူစေဖို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ကူညီပေးတာမျိုး စီစဉ်ထားတာ ရှိနေပေမယ့် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ ရှိလာရင် ခရီးသွားတွေ ထိခိုက်မှုရှိမှာကိုလည်း စိုးရိမ်နေရတယ်လို့ သထုံခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

“မဖြစ်သင့်တာတွေ မဖြစ်ဖို့၊ လူထုထိခိုက်မှုရှိမှာလည်း စိုးရိမ်ရတယ်၊ အစပိုင်းမှာ ကူညီပေးဖို့ပဲ၊ ဟိုကောင်(စစ်ကောင်စီ)က ဒီဘက်မှာ ကျွန်တော်တို့ရှိနေလို့ ရမ်းပစ်ရင် ကိုယ့်လူထုပဲ ထိမှာ၊ အဲဒါကိုပဲ စိုးရိမ်နေတာ လူထုတွေ အန္တရာယ်မဖြစ်စေဖို့က နောက်ကွယ်ကနေ ကူညီပေးနေတာမျိုးတော့ ရှိပါတယ်” လို့ သူက ပြောပါတယ်။

တဖက်မှာလည်း ဒေသတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်မှု မရှိစေဖို့နဲ့ ယာဉ်တွေ အမြန်ဆုံးဖြတ်သန်းသွားလာနိုင်ဖို့အတွက် ပြိုကျပျက်စီးသွားတဲ့ တံတားကို ဘေလီတံတားအသစ် အမြန်ဆုံးတည်ဆောက်သွားဖို့စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မေလ ၁၂ ရက်နေ့မှာ မြေပြင်ကွင်းဆင်းပြီး သက်ဆိုင်ရာဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီကို ညွှန်ကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာဆောက်လုပ်ရေးအဖွဲ့တွေက လာရောက်ပြင်ဆင်မှု ပြုလုပ်ခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် တံတားပြင်ဆင်မှုလုပ်ငန်း ရပ်နားလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

“အမြန်ဆုံးတော့ လုပ်နေပါတယ်၊ ခုတော့ ခေတ္တရပ်နားထားတာပေါ့၊ လုံခြုံရေးယူပေးတဲ့အဖွဲ့တွေ အဆင်သင့်မဖြစ်သေးလို့ လုပ်ငန်းမစဖြစ်သေးတာပါ” လို့ သထုံခရိုင်လမ်းဦးစီးဌာနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ဒီကနေ့(မေလ ၁၅)ရက် မနက်ပိုင်းမှာတော့ ပြိုကျပျက်စီးသွားတံတားကို ပြင်ဆင်မှုမပြုလုပ်ရသေးပေမယ့် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။

ကျုံအိတ်တံတားမိုင်းထောင်ဖောက်ခွဲခံရတဲ့ဖြစ်စဉ်က ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်မှာလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က မိုင်းထောင်ဖောက်ခွဲခဲ့လို့ တံတားပြိုကျပျက်စီးသွားခဲ့ပါသေးတယ်။

အဲဒီမိုင်းထောင်ဖျက်ခွဲခံတဲ့ဖြစ်စဉ်နဲ့ ကျိုးကျသွားတဲ့တံတားကို လာစစ်တဲ့ စစ်ကောင်စီရဲ့ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင် ဝန်ထမ်းသုံးဦးသေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ ဝန်ထမ်းပေါင်း ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို မိုင်းထောင်ဖောက်ခွဲတာက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနငြျူာရီ တိုင်းတွေမှာ စစ်ရေးဖြည့်တင်းဖို့အတွက် လက်နက်၊ လူအင်အား၊ စားနပ်ရိက္ခာတွေကို မပို့ဆောင်နိုင်အောင် ဖြတ်တောက်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)-သထုံခရိုင်ဘက်က ပြောဆိုထားပါတယ်။

အရင်နှစ်က မိုင်းထောင်ဖောက်ခွဲခံရလိုက်တဲ့ကာလမှာလည်း မွန်၊ ကရင်၊ တနင်္သာရီဘက်မှာ စက်သုံးဆီတွေအပါအဝင် ကုန်စည်စီးဆင်းမှု သီးတင်းပတ်သုံးခုကြာ ရပ်တန့်သွားခဲ့ရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

“ဒီတခါတော့ ပိုကြာမယ်ထင်တာပဲ၊ အဲဒီဒေသက လက်နက်ကိုင်အဖွဲ့တွေများတယ်၊ သက်ဆိုင်ရာက သွားပြင်ဖို့က မလွယ်လောက်ဘူး၊ လပိုင်းချီကြာအုန်းမယ်ထင်တာပဲ၊ ဒီလိုဆို ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံရအုန်းမယ်၊ ပို့ကုန်သွင်းကုန် အားလုံးထိမှာပေါ့၊ ခက်ခဲနေကြတဲ့ ပြည်သူတွေလည်းထိမယ်၊ ကုန်သည်တွေလည်း ထိမှာပဲ” လို့ အထက်ပါကုန်သည်က ပြောပါတယ်။