မေ၊ ၁၅
ရာသီဥတု လွန်လွန်ကဲကဲ ပူပြင်းတဲ့ အခြေအနေတွေ ပိုပြီးကြုံတွေ့လာရချိန်မှာ ထိုင်းနိုင်ငံ အနေနဲ့ ရွှေ့ပြောင်း လုပ်သားတွေကို ပိုမို အကာအကွယ် ပေးနိုင်မယ့် ဥပဒေတွေ ပြင်ဆင် သတ်မှတ်သင့်နေပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ အမြဲတမ်း စွတ်စိုပူပြင်းတဲ့ ရာသီဥတုမျိုး ဖြတ်သန်းနေရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာ ကြုံတွေ့လာရတဲ့ ပူပြင်းမှုတွေကတော့ ကြောက်ခမန်းလိလိပါပဲ။
အသက် ၄၃ နှစ်အရွယ် ချာဟာယာ ချီယမ်ဟာ ကမ္ဘောဒီးယားကနေ အလုပ်လာလုပ်နေတဲ့ အိမ်အကူ အမျိုးသမီးပါ။ သူဟာ အခုနှစ် ဆွန်ခရန် ပွဲတော်ကာလမှာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းနိုင်ခဲ့ပါဘူး။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဆောက်လုပ်ရေး အလုပ်သမား ဒါဗွတ်သ် ချီအမ်ဟာ ဘန်ကောက်မြို့တော် ဆင်ခြေဖုံးက နှစ်ထပ်အိမ် တလုံးရဲ့ ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး ဆေးရုံရောက်နေလို့ပါ။ ရာသီဥတု ပူလွန်းတာကြောင့် နေ့ခင်းဖက် အလုပ်လုပ်နေရာက ဒါဗွတ်သ်တယောက် အပူလျှပ်ပြီး မတော်တဆမှု ကြုံခဲ့တာပါ။ သူဟာ ညာဖက်လက်မောင်းနဲ့ တင်ပါးအရိုး ကျိုးသွားတဲ့ ဒဏ်ရာတွေလည်း ရခဲ့ပါတယ်။
“အစောပိုင်းတုန်းကတော့ စရာခေါ့မှာရှိတဲ့ ကျွန်မသမီးဆီ ဆွန်ခရန် ပိတ်ရက်မှာ သွားလည်မလို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အမျိုးသားက ဆေးရုံတက်လိုက်ရတော့ သူ့ကို လူနာစောင့်ဖို့ ဘန်ကောက်မှာပဲ ဆက်နေရတာပေါ့”လို့ သူက ဆိုတယ်။ “လူနာက အခုတော့ အခြေအနေ တည်တည်ငြိမ်ငြိမ် ဖြစ်လာပါပြီ။ ဒါပေမဲ့ စကားပြောရင် ဗလုံးဗထွေး ဖြစ်နေတုန်းပဲ။ အပြည့်အဝ ပြန်သက်သာလာဖို့ကတော့ နည်းနည်း အချိန်ယူရဦးမယ်လို့ ဆရာဝန်တွေက ပြောတယ်”လို့လည်း ချာဟာယာက ဆိုတယ်။
သူတို့ဇနီးမောင်နှံ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေဟာ ပူပြင်းလှတဲ့ နွေရာသီမှာ ထိုင်းနိုင်ငံရောက် ပြည်ပရွှေ့ပြောင်း အလုပ်သမား အများအပြား ရင်ဆိုင်ဖြတ်သန်းနေရတဲ့ သရုပ်မှန်ကို ထင်ဟပ်စေခဲ့ပါတယ်။
အပူချိန်တိုင်း ပြဒါးတိုင်တွေကတော့ လက်ရှိ အပူချိန်အတိုင်း ကိန်းဂဏန်း အတိအကျ မပြောင်းမလဲ ညွှန်ပြနေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ တူညီတဲ့ အပူချိန်ကိုပဲ အခြေအနေတွေအပေါ် မူတည်ပြီး သက်ရောက် ခံစားရတဲ့ သူတွေရဲ့ ဒုက္ခကတော့ မတူညီကြပါဘူး။ ရုံးဝန်ထမ်းတွေဟာ တနေ့တာရဲ့ အပူဆုံး အချိန်တွေမှာ အဲကွန်းဖွင့်ထားတဲ့ ရုံးခန်းထဲ အေးအေးလူလူ ဖြတ်သန်းပြီး ညနေ အပူလျော့တဲ့အခါ နောက်ထပ် အဲကွန်းခန်းရှိရာ နေအိမ်ဆီ ပြန်ကြပါလိမ့်မယ်။ လေဟာပြင်တွေမှာ အလုပ်လုပ်ရတဲ့ ထိုင်းနိုင်ငံသားတွေတောင်မှ အနည်းဆုံးတော့ အိမ်ပြန်ရင် အဲကွန်းနဲ့ သက်တောင့်သက်သာ နေနိုင်ပါသေးတယ်။ ဒီလို ခံစားခွင့်မျိုးက ကျဉ်းမြောင်းတဲ့ အခန်းလေးတွေထဲ ပြွတ်သိပ်ငှားရမ်း နေထိုင်ကြရတဲ့ ရွှေ့ပြောင်းလုပ်သား အများစုနဲ့တော့ မသက်ဆိုင်ပါဘူး။
ဧပြီလကစလို့ မေလဆန်းထိ ခြစ်ခြစ်တောက် ပူပြင်းတဲ့ အပူလှိုင်းတွေဟာ အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေကို မညှာမတာ လွှမ်းခြုံထားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒေသတော်တော်များများမှာ နေ့အပူချိန် ၄၀ ဒီဂရီ ဆဲလ်ဆီးရပ်စ် အထက်ထိ ရောက်ရှိခဲ့တယ်။ နိုင်ငံမြောက်ပိုင်းက လမ်ပွန်ဒေသမှာ အခုနှစ်အတွက် အမြင့်ဆုံး အပူချိန်အဖြစ် ၄၄.၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ တိုင်းတာ ရရှိခဲ့တယ်။ ဒါဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး အပူချိန် ဖြစ်လာတယ်လို့ ထိုင်းမိုးလေဝသ ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဘန်ကောက်မြို့တော်မှာလည်း ပြင်းပြင်းပြပြ ပူလောင်နေပါတယ်။
မြောက်ကမ္ဘာခြမ်းမှာတော့ အပူလှိုင်းဖြတ်မှုတွေဟာ အစိမ်းသက်သက် ရာသီဥတု အခြေအနေတွေ မဟုတ်ပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့လည်း အကျွမ်းတဝင် ရှိပြီးသားပါ။ ဒီတော့ ကမ္ဘာ့မြောက်ခြမ်း နိုင်ငံတချို့ဟာ နွေရာသီမှာ အလွန်အကျွံ ပူလာရင် ဘာဆက်လုပ်မလဲဆိုတဲ့ တုံ့ပြန်ကိုင်တွယ်ရေး အစီအမံတွေ ကြိုတင် ရေးဆွဲ ပြင်ဆင်ထားပါတယ်။ ထိုင်းနိုင်ငံနဲ့ တခြား အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံအများစုမှာတော့ ဒါမျိုး ပြင်ဆင်မှု မရှိပါဘူး။ ရာသီဥတု ပူပြင်းတာဟာ နိစ္စဓူဝ လူနေမှုဘဝရဲ့ အစိတ်အပိုင်း တခုလိုတောင် လက်ခံထားကြတာပါ။ ဥပမာ ထိုင်းမှာ လူတွေ ပြောနေကျ ဟာသတခု ရှိပါတယ်။ ထိုင်းမှာ ရာသီဥတု ၃ ခုရှိပြီး အဲဒါတွေက ပူတဲ့နွေ၊ ပိုပူတဲ့နွေနဲ့ အပူဆုံးနွေတွေဖြစ်တယ် ဆိုပြီးတော့ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အခုနှစ် နွေရာသီရဲ့ အပူချိန်ကတော့ မကြုံစဖူး အဆင့်လို့တောင် သတ်မှတ်နိုင်ပါတယ်။ အခုသီတင်းပတ် အစောပိုင်းတုန်းက ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ၂၀၂၄ ရဲ့ ပထမဆုံး ၄ လခွဲတာ ကာလအတွင်း လူပေါင်း ၆၁ ဦး အပူလျှပ် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ မနှစ်က တနှစ်လုံးစာ အပူလျှပ် သေဆုံးသူ ဦးရေ ၃၇ ယောက်ကို အသာအယာ ကျော်တက်သွားခြင်း ဖြစ်ပါတယ်။ အပူလျှပ် သေဆုံးမှုတွေ အများဆုံး ဖြစ်ပွားတာဟာ နိုင်ငံရဲ့ စိုက်ပျိုးရေး ပင်မနယ်မြေလို့ တင်စားခံရတဲ့ မြောက်ပိုင်းက အိုင်ဆန်ဒေသထဲမှာပါ။
အမိုးအောက်မှာ ဆိုရင်တောင်မှ လေဝင်လေထွက်စနစ် အားနည်းပြီး ချွေးတလုံးလုံး အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်တွေမှာလည်း အပူဒဏ်က မစားသာပါဘူး။
တကယ်တမ်းဆိုရင် ရာသီဥတု ပူပြင်းမှုဟာ ပြည်သူလူထုရဲ့ ကျန်းမာရေး ကဏ္ဍတခုတည်းကို ထိခိုက် သက်ရောက်တာ မဟုတ်ပါဘူး။ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး (ILO)က ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းရလဒ်အရ ၃၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထက် ပိုမြင့်တဲ့ အပူချိန်မှာ အလုပ်လုပ်ရတဲ့အခါ လူတွေရဲ့ ထုတ်လုပ်မှု စွမ်းဆောင်ရည်ဟာ ထက်ဝက်လောက် ကျဆင်းသွားတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရနဲ့ မူဝါဒ ချမှတ်သူတွေ အနေနဲ့လည်း အလုပ်သမားထုကို ကျန်းမာရေးအတွက် ပိုပြီးသင့်တော်တဲ့ နေရာတွေမှာ အလုပ်သမား အခွင့်အရေးတွေနဲ့အညီ အလုပ်လုပ်နိုင်အောင် ကူညီပေးဖို့၊ နိုင်ငံရဲ့ ထုတ်လုပ်မှု စွမ်းရည်ကို ထိန်းသိမ်းပေးဖို့ လိုအပ်နေပါပြီ။ ပိုပြီး ရှင်းလင်းအောင် ပြောရမယ် ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ လုပ်အားရင်းမြစ်တခု ဖြစ်လာတဲ့ ပြည်ပ ရွှေ့ပြောင်း အလုပ်သမားတွေကို ပိုပြီး အကူအညီတွေ ပေးရပါမယ်။
လောလောဆယ် ထိုင်းမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံခြား ရွှေ့ပြောင်း အလုပ်သမား ၂.၄ သန်းနီးပါးရှိပြီး အများစုက မြန်မာနိုင်ငံကနေ ရောက်လာတာပါ။ ဒါပေမဲ့ နောက်ထပ်လည်း တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ အများကြီး ထိုင်းမှာ ရှိနေပါတယ်။
၂၀၂၃ ခုနှစ်တုန်းက ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအမံရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာအတွက် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂၂၄၉ ဦးကို မေးမြန်းခဲ့တဲ့အခါ ၃၇ ရာခိုင်နှုန်းကျော်က တရားမဝင် ရောက်ရှိနေသူတွေလို့ ဖြေကြားခဲ့ပါတယ်။ အဲဒီ တရားမဝင် အလုပ်သမား အများစုဟာ 3Dလို့ခေါ်တဲ့ Dirty (ညစ်ပတ်တဲ့)၊ Dangerous (ဘေးမကင်းတဲ့)၊ Demanding (ဝန်ပိတဲ့) လုပ်ငန်းခွင်တွေမှာ အလုပ်နေကြတာ ဖြစ်ပါတယ်။
တရားဝင် လာရောက်ကြတဲ့ အလုပ်သမားတွေ မဟုတ်တာကြောင့် သူတို့အတွက် လူမှုဖူလုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်တွေလည်း ကင်းမဲ့နေပါတယ်။ သူတို့ အလုပ်လုပ်တဲ့ အလုပ်နေရာ အများစုဟာ အလုပ်သမားတွေအတွက် လုံခြုံသင့်တော်တဲ့ လုပ်ငန်းခွင်မျိုး ဖန်တီးပေးဖို့ ပြဋ္ဌာန်းထားတဲ့ အလုပ်သမား ဥပဒေတွေကို မလိုက်နာကြပါဘူး။
အစီရင်ခံစာအရ တရားမဝင် မြန်မာလုပ်သားတွေထဲက ၅၉ ရာခိုင်နှုန်းလောက်ဟာ အပူဒဏ်ကို ကျောကော့နေအောင် ခံစားရတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အလုပ်လုပ်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ နောက်ပြီး စာရွက်စာတမ်း မစုံလင်မှုကြောင့် သင့်တော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့တွေ ဘာမှ မရဘူးလို့လည်း အဲဒီ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေက ဝန်ခံခဲ့ကြပါတယ်။
စိုက်ပျိုးရေး ကဏ္ဍဟာ ထိုင်းနိုင်ငံရဲ့ စုစုပေါင်း လုပ်အားရင်းမြစ် သုံးပုံတပုံကို အလုပ်ပေးထားနိုင်ပြီး နိုင်ငံ GDP စုစုပေါင်းရဲ့ လေးပုံတပုံစာ ဝင်ငွေကို ထုတ်လုပ်ပေးနေပေမယ့် လက်ရှိ အချိန်ထိတော့ အဲဒီ လုပ်ငန်းခွင်မှာ အပူလွန်ကဲမှုနဲ့ ပတ်သက်လို့ ကျန်းမာရေး သတိပေး စနစ်တွေ၊ အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ နာမကျန်းမှုတွေအကြောင်း တိတိကျကျ စာရင်းပြုစုတာမျိုးတွေ အပါအဝင် ထိရောက်တဲ့ တုံ့ပြန်မှု အစီအမံတွေ ဘာမှ မရှိသေးပါဘူး။
နောက်ပြီး စိုးရိမ်စရာ ကောင်းတာတခုက ထိုင်းနိုင်ငံဟာ အပူလှိုင်းတွေနဲ့ ပတ်သက်ပြီး တခြားသော သဘာဝ ဘေးအန္တရာယ်တွေနဲ့တန်းတူ အလေးမထားဘူး ဆိုတာပါပဲ။ ဥပမာ အလုပ်သမား ဝန်ကြီးဌာနဟာ အပူဒဏ်ကြောင့် လုပ်ငန်းခွင်တွေအပေါ် ဘယ်လို ထိခိုက်သက်ရောက်သလဲ ဆိုတာမျိုးတွေကို သုတေသနပြု လေ့လာဆန်းစစ်တာတွေ ဘာမှ မရှိသေးပါဘူး။
ရေကြီးတာ၊ မိုးခေါင်တာတွေနည်းတူ အပူလှိုင်း ဖြတ်တာတွေကလည်း ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာမှုရဲ့ နိမိတ်လက္ခဏာတခု ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ပါရီ သဘောတူညီမှုကို အခြေပြုပြီး နိုင်ငံတကာက ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးကို အားထည့် လုပ်ဆောင်ဖို့ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချနိုင်အောင်၊ ထိခိုက်မှုကို အနည်းဆုံး ဖြစ်စေမယ့် ဥပဒေတွေနဲ့ တခြားထိန်းညှိမှုတွေ ပြဋ္ဌာန်းနိုင်အောင် ကြိုးစားလာကြပါတယ်။
တနှစ်ထက်တနှစ် အပူချိန်က တရိပ်ရိပ် တိုးလာနေတာကို ကြည့်ရင် အနာဂတ်မှာလည်း ရာသီဥတု ပူပြင်းမှုတွေ လွန်လွန်ကဲကဲ ကြုံနေရဦးမယ်ဆိုတာ မြင်သာလာပါပြီ။ ဒီတော့ ထိုင်းအစိုးရ အနေနဲ့လည်း အလုပ်ခွင် လုံခြုံရေး စံနှုန်းတွေနဲ့ ပတ်သက်ရင် အပူဒဏ်ကို ထည့်တွက်ထားတဲ့ အပြောင်းအလဲတွေကို စဉ်းစား အကောင်အထည်ဖော်ဖို့ လိုနေပါပြီ။
အပူလွန်ကဲမှုနဲ့ တခြားသော ရာသီဥတု ပြောင်းလဲမှုနဲ့ ဆက်စပ်တဲ့ တုံ့ပြန် မူဝါဒတွေကို ရေးဆွဲရာမှာလည်း အလုပ်သမားတွေ၊ အလုပ်ရှင်တွေ၊ အစိုးရနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ စုံစုံလင်လင် ပူးပေါင်း ပါဝင်သင့်ပါတယ်။ ဒီလို စုပေါင်းအားထုတ်မှုမျိုးနဲ့သာ ထိုင်းနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးအတွက် လုံလောက်တဲ့ အကာအကွယ်မျိုး ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။
(Bangkok Post၏ Migrant Workers Face Heatwave Risks ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)