ရန်ကုန်မှာဖမ်းဆီးခံရတဲ့ ရေဘဝဲအဖွဲ့ဝင် အမျိုးသမီးနှစ်ဦး သတင်းအစအနမရ ဖြစ်နေ

 

မေ ၊ ၁၂

ရန်ကုန်မြို့အခြေစိုက်ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အမျိုးသမီးနှစ်ဦး မေလ ၉ ရက်နေ့က ဖမ်းဆီးခံလိုက်ရပြီး သတင်းအစအန မရဘဲဖြစ်နေတယ်လို့ အဲဒီအဖွဲ့ကထုတ်ပြန်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ ရေဘဝဲအဖွဲ့ရဲ့ စီမံရေးရာတာဝန်ခံနဲ့ အသက် ၂၁ နှစ်ဝန်းကျင် မြေပြင်သပိတ်ရဲဘော် S4 တို့ နှစ်ဦး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

“ရေဘဝဲ စီမံရေးရာကတော့ (ရန်ကုန်)မြို့ထဲကနေ သူ့ရဲ့မြို့နယ်ကို အိမ်ပြန်တဲ့လမ်းခရီးမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်၊ ဘယ်နေရာမှာ ဖမ်းဆီးခံရတယ်၊ ဘယ်နေရာရောက်နေလဲ ဆိုတဲ့သတင်းအချက်အလက်တွေကို လုံးဝသိထားတာမရှိပါဘူး” ရေဘဝဲအဖွဲ့ရဲ့ ဥက္ကဋ္ဌက DNA ကို ပြောပါတယ်။

ညနေဘက်မှာ စီမံရေးရာတာဝန်ခံ ဖမ်းဆီးခံရပြီးနောက်မှာတော့ မြေပြင်သပိတ်ရဲဘော် S4 ကို လှည်းတန်းက သူနေထိုင်ရာ အဆောင်မှာ ရှိနေတဲ့အချိန် ညဘက်ဝင်ရောက်ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

“ဧည့်စာရင်း ဝင်စစ်တဲ့ပုံစံနဲ့ ဖမ်းဆီးတာဖြစ်ပါတယ်၊ နှစ်ယောက်စလုံး ရန်ကုန်မြို့ထဲမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်၊ ကျန်တဲ့အဖွဲ့ဝင်တွေ ယခုအချိန်ထိ ဘေးကင်းလုံခြုံလျက်ရှိပါတယ်” လို့လည်း ရေဘဝဲအဖွဲ့ရဲ့ ဥက္ကဌက ပြောပါတယ်။

ရေဘဝဲအဖွဲ့ဟာ ရန်ကုန်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တွေပြုလုပ်လေ့ရှိတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းမှုနဲ့ပတ်သက်တဲ့ ပညာပေး လက်ကမ်းစာဆောင်တွေဖြန့်ဝေတာ၊ အွန်လိုင်းပေါ်ကနေ လူငယ်တွေကို ဖွံ့ဖြိုးရေးသင်တန်းတွေ ပေးတာတွေလည်း လုပ်လေ့ရှိပါတယ်။

လက်ရှိမှာတော့ အခုလိုဖမ်းဆီးခံရတဲ့ အဖွဲ့ဝင်နှစ်ဦးနဲ့ ဆက်စပ်လို့ တခြား သာမန်ပြည်သူနှစ်ဦးထက်မနည်း ဖမ်းဆီးခံထားရတာလည်းရှိပြီး သူတို့ရဲ့ အခြေအနေတွေကိုလည်း စုံစမ်းလို့မရသေးဘူးလို့ ဆိုပါတယ်။

ရေဘဝဲအဖွဲ့ကတော့  ဖမ်းဆီးခံထားရတဲ့နေရာကို မသိရတာကြောင့် အဖမ်းခံထားရသူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်သူနဲ့ ဆန့်ကျင်သူအဖြစ် သတ်မှတ်ဖမ်းဆီးခံရတဲ့ လူဦးရေထောင်ချီဟာ ဘယ်နေရာမှာ ချုပ်နှောင်ခံထားရတယ်ဆိုတာ မိသား စုကမသိရဘဲ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ၂၀၂၂ ခုနှစ်ကထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ ဒါဟာ အတင်းအကျပ်ပျောက်ဆုံးစေမှု ကျူးလွန်တာလို့လည်း AAPP ကထောက်ပြထားပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊မိသားစုဝင်တွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေအရလည်း အလားတူ ဖမ်းဆီးခံရပြီးနောက် သတင်းမရတော့ဘဲ အဆက်အသွယ်ပြတ်ပျောက် ဆုံးသွားသူတွေအများအပြားရှိနေပြီး ဒီလိုပျောက်ဆုံးသူတွေထဲ မန္တလေးမြို့အခြေစိုက် သံဃသမဂ္ဂ(မန္တလေး)က သံဃာ တချို့လည်းပါဝင်နေပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် မေလ ၁၀ ရက်နေ့အထိ AAPP ကအတည်ပြုထားတဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီ လက်ချက်နဲ့ သေဆုံးခဲ့သူ စုစုပေါင်း ၅,၀၀၀ အထိရှိပြီး အဲဒီအထဲက ၁,၇၀၀ ဝန်းကျင်ဟာ အရှင်ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံရတာလို့ ဖော်ပြထားပါတယ်။

ရေဘဝဲအဖွဲ့ကတော့ အခုလို ဖမ်းဆီးခံရမှုတွေရှိနေပေမယ့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် သူတို့အနေနဲ့ ပြည်သူလူထုနဲ့ လက်တွဲပြီး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။