သရက်ချောင်းမှာ လေယာဥ်နဲ့ ဗုံးကြဲလို့ ဘော လုံးကန်နေတဲ့ ဆယ်ကျော်သက်နှစ်ဦး သေဆုံး

Photo – Social Media

မေ ၊ ၉

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက် သီရိကျေးရွာထဲကို စစ်ကောင်စီတပ်က မေလ ၈ ရက်၊ မနေ့ ညနေပိုင်းက လေယာဥ်နဲ့ ဗုံးကြဲတိုက် ခိုက်လို့ ဘောလုံးကန်နေကြတဲ့ ၁၆နှစ်အရွယ် ယောက်ျားလေးနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရွာနား တိုက်ပွဲလည်း မရှိတော့ အစက သူတို့ဟာ သူတို့ သွားနေတာလို့ထင်တာ၊ ပြီးမှ သေနတ်နဲ့ လည်း ပစ်ချတယ်၊ ဗုံးလည်းကြဲချတယ်၊ ဘောလုံး ကန်နေတဲ့ ကလေးတွေထိကုန်တာ” လို့ ကနက် သီရိရွာခံတဦးက DNA ကို ပြောပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် အသက် ၁၆ နှစ်အရွယ်ရှိကြတဲ့ မောင်ပိုင်စိုးသူနဲ့ မောင်ဟိန်းပြည့်ဖြိုးတို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူလည်း ရှစ်ဦးလောက် ရှိခဲ့တယ် လို့ သိရပါတယ်။

အဲဒီနေ့ မနက်ပိုင်းကတော့ ကနက်သီရိရွာနဲ့ မိုင်သုံးဆယ်လောက်အကွာ ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိပြီး ညနေပိုင်းမှာတော့ ပင်လယ်ကမ်းစပ်ရွာဖြစ်နဲ့ ကနက်သီရိရွာနဲ့ အနီးတဝိုက်ကို အခုလို လေကြောင်းတိုက်ခိုက်လာတာဖြစ်ပါတယ်။

“နှစ်ခါလာကြဲတာ၊ ဂျက်ဖိုက်တာနှစ်စီး၊ စလာတော့ ခရီးသည်လေယာဥ်လိုမျိုးပဲသွားနေတာ၊ ပြီးမှထိုး ဆင်းပြီး ကြဲတာ” လို့ ကနက်သီရိရွာအနီးရှိ ဝဲရစ်ရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ကနက်သီရိရွာကို ပထမဆုံးဗုံးကြဲပြီးနောက် ကပ်လျက်ရှိတဲ့ ရငဲ၊ ကမြိုင်၊ ဝဲရစ် စတဲ့ကျေးရွာတွေဘက်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ရငဲရွာက တိုက်နယ်ဆေးရုံတခုလည်း လုံးဝပျက်စီးသွားခဲ့ပြီး ဆေးရုံပိတ်ထားတာကြောင့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

“ဘယ် (ဗုံးခို)ကျင်းမှ ရှာမတွေ့တော့ဘူး၊ ဘယ်နားမှာ နေရမယ်မှန်းတောင်မသိတော့ဘူး၊ မကြဲချလို့တော်သေးတယ်၊ အိမ်ထဲမှာ ပတ်ပတ်ပြီး လျှောက်ပြေးနေကြတာ ကြောက်ကြောက်နဲ့” လို့လည်း ဝဲရစ်ရွာခံ အမျိုးသမီးက ပြောပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကနက်သီရိ၊ ရငဲ၊ ကမြိုင် စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်ကြရပြီး လက်ရှိမှာလည်း တချို့သာ နေရပ်ပြန်ကြသေးတယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ်အပါအဝင် တနင်္သာရီတိုင်းထဲမှာ အခုနှစ် အစောပိုင်းကစပြီး စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ပွဲတိုင်းလိုလိုမှာ လေကြောင်းသုံးတုံ့ပြန်တာတွေ ရှိလာနေပါတယ်။