နာမည်ကြီး ဂီဒွန်တပ်စခန်းကို KIA ပြန်သိမ်းပိုက်

Photo – Social Media

မေ ၊ ၆ 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲမှာရှိတဲ့ နာမည်ကျော် ဂီဒွန်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ မေလ ၆ ရက်၊ နေ့လယ်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပြီလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပါတယ်။ 

“ဂီဒွန်စခန်းကို မေလ ၄ ရက်နေ့ကတိုက်တာ၊ ဒီနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်လောက်မှာ အဲဒီ ဂီဒွန်စခန်းကို ဝင်ပြီးမှ နယ်မြေရှင်းလင်းရေး လုပ်ပါတယ်၊ အားလုံးပြန်သိမ်းလို့ရတဲ့ သဘောဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက DNA ကို ပြောပါတယ်။ 

KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ မြောက်ဘက် မိုင်နှစ်ဆယ်ကျော်အကွာမှာရှိတဲ့ ဂီဒွန်တပ်စခန်းဟာ အရင်က KIA တပ်စခန်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လထဲမှာ မြန်မာစစ်တပ်က အင်အားသုံး ထိုးစစ်ဆင်လာလို့ လေးလကျော်ကြာ ခုခံခဲ့ပြီးတဲ့နောက်မှာတော့ KIA က ဆုတ်ခွာပေးရတဲ့ တပ်စခန်းတခုဖြစ်ပါတယ်။ 

အဲဒီလို စခန်းဆုတ်ခွာပေးခဲ့ရတဲ့အချိန်တုန်းက ဂီဒွန်စခန်း သိမ်းပိုက်ခံလိုက်ရတဲ့အတွက် ဝမ်းမနည်းကြဖို့နဲ့ ခုခံတိုက်ခိုက်ခဲ့ကြတဲ့ ရဲဘော်တွေကို လေးစားကြောင်း ရေးသားထားတဲ့ လက်ရှိ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ စာတစောင်လည်း လူသိများခဲ့ပြီး နာမည်ကျော်တိုက်ပဲဲကြီးတခုအဖြစ်ထင်ရှားခဲ့တာပါ။

၇ နှစ်ကျော်အကြာ အခုနှစ် မေလ ၄ ရက်နေ့မှာတော့ ဂီဒွန်တပ်စခန်းကို KIA ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးရက်မပြည့်ခင်မှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

“အခုပြန်ရပြီပေါ့၊ ပြန်ရပြီးတော့မှ ကျနော်တို့ကတော့ အဲဒီမှာ လိုအပ်တာတွေကို ဆက်ပြီးမှ ဆောင်ရွက်နေပါတယ်” လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ 

ပွိုင့် ၁၁၀၃ လို့လည်း လူသိများတဲ့ အဲဒီ ဂီဒွန်စစ်စခန်းဟာ မိုးကောင်းအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၃ လက်အောက် တပ်ရင်း ရှစ်ခုလောက်က တပ်ဖွဲ့ဝင် ရာချီအခြေချတပ်စွဲထားတဲ့ စခန်းလို့လည်း သိရပါတယ်။ 

အမြင့်ပေ ၃၃၀၀ ကျော်ရှိ ဂီဒွန်တောင်ပေါ်မှာရှိတဲ့ အဲဒီ ဂီဒွန်စခန်းရဲ့ တောင်ဘက် ငါးမိုင်ခန့်အကွာ အမြင့်ပေ ၄၀၀၀ ကျော်လောက်မှာတော့ ကိုလိုနီခေတ်ကတည်းက ခံတပ်အဖြစ်အသုံးပြုခဲ့တဲ့ ကာဂန်ဘွမ်တပ်စခန်းရှိပြီး အဲဒီစခန်းကိုလည်း ရှေ့ရက်တွေကတည်းက KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ 

အလားတူပဲ မေလ ၅ ရက်၊ မနေ့ကလည်း ဆွမ်ပရာဘွမ်မြို့ကို ထိန်းချုပ်နိုင်ဖို့ အဓိကကျတဲ့ စစ်ကောင်စီဗျူဟာစခန်းတခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ 

ကချင်ပြည်နယ်ထဲ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ဖားကန့်တဝိုက်က စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ တပ်တွေက မတ်လ ၇ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိတော့ ဗျူဟာကုန်းတွေအပါအဝင် စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။