ရေးမြို့ပေါ်မှာ နယ်ထိန်းတဦးပစ်ခတ်ခံရလို့သေဆုံး


Photo – ရေးဘီလူး (ပုံစာ- သိမ်းဆည်းရမိတဲ့ ပစ္စည်း)

မေ၊ ၆ 

မွန်ပြည်နယ်၊ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်မှာ မနေ့ ကမေလ ၅ ရက် မွန်းလွဲ ၃ နာရီလောက်မှာ နယ်ထိန်းတဦးကို  ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က DNA ကို ပြောပါတယ်။

“နယ်ထိန်းပေါ့၊ ဘီယာဆိုင်မှာ ထိုင်နေတဲ့အချိန်၊ တယောက်ထဲပဲ၊ အတိုနဲ့ ဝင်ပစ်လိုက်တာ” လို့ သူက ပြောပါတယ်။

အဲဒီနယ်ထိန်းက ရေးမြို့မရဲစခန်းမှ ၃ ရပ်ကွက်ပိုင်နယ်ထိန်း အောင်သူဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် ခန္ဓာကိုယ်အနှံ့မှာ ကျည်ဖောက်ထွင်းဒဏ်ရာငါးချက်နဲ့ အခင်းဖြစ်ရပ်နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်ထိန်းအောင်သူထံမှ ရွှေဆွဲကြိုးတကုံးနဲ့ လက်ကိုင်ဖုန်းတလုံးကိုလည်း သိမ်းဆည်းခဲ့မိခဲ့ပါတယ်။

နယ်ထိန်းအောင်သူက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ လောင်းကစားဝိုင်း လုပ်ခွင့်ပေးပြီး ငွေကြေးကောက်ခံတာ၊ တော်လှန်ရေးအင်အားစုနဲ့ ပတ်သက်ဆက်နွယ်တဲ့ သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ရေးဘီလူးအဖွဲ့က မကြာမကြာပစ်ခတ်တာတွေပြုလုပ်လေ့ရှိပါတယ်။