မင်းသမီးကြီး မစ်ရှယ်လ်ယိုကို အမေရိကန် သမ္မတရဲ့ အမြင့်ဆုံး ဂုဏ်ပြု ဆုတံဆိပ် ချီးမြှင့်

မေ၊ ၄

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့ဖူးသူ မလေးရှား မင်းသမီးကြီး မစ်ရှယ်လ်ယိုဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ချီးမြှင့်တဲ့ Medal of Freedom ဆုတံဆိပ်ကို လက်ခံရရှိခဲ့ပါတယ်။

မေလ ၃ ရက်နေ့က ဆုချီးမြှင့်မှုမှာ ဘိုင်ဒန်က မစ်ရှယ်လ်ဟာ ခေါက်ရိုးကျိုး အတွေးအမြင်တွေကို ချိုးဖောက်ခဲ့ပြီး အမေရိကန် အနုပညာ ရပ်ဝန်းမှာ ကာလရှည်ကြာစွာ ရပ်တည်ပြခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ မစ်ရှယ်လ်ဟာ အမေရိကန်ရဲ့ အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အာရှသူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘိုင်ဒန်က အသက် ၆၁ နှစ်အရွယ် မင်းသမီးကြီးရဲ့ ကျယ်ပြော စုံလင်လှတဲ့ ဇာတ်ကောင် အမျိုးအစားတွေအပေါ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြခဲ့တဲ့ အပေါ်မှာလည်း အလေးအနက် ချီးကျူးခဲ့ပါတယ်။

အမျိုးသမီးဇာတ်ဆောင် အော်စကာဆုကို ရယူပြခဲ့ခြင်းကလည်း မစ်ရှယ်လ်ဟာ ယဉ်ကျေးမှု နယ်ပယ်မှာ ဖျော်ဖြေဖို့ သက်သက် ဆိုတာမျိုး မဟုတ်ဘဲ ကွဲပြားတဲ့ လူ့အသိုက်အဝန်းကြား လေးစားအားကျအောင်၊ လက်ကမ်းကြိုဆိုတတ်လာအောင် လွှမ်းမိုးသက်ရောက်စေခဲ့ကြောင်း၊ အဲဒီအတွက် အလေးအနက် ဂုဏ်ပြုပြီး ရှေ့ဆက်ဖို့လည်း တိုက်တွန်းလိုကြောင်း ဘိုင်ဒန်က ဆုချီးမြှင့်ချိန်မှာ ပြောပါတယ်။

Medal of Freedomဟာ အမေရိကန်မှာ အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်ပြီး ဒီနှစ်မှာတော့ မစ်ရှယ်လ်နဲ့အတူ တခြား ၁၈ ဦးကို သမ္မတက ချီးမြှင့်ခဲ့ပါတယ်။

အိမ်ဖြူတော်က မစ်ရှယ်လ်ကို ဆုချီးမြှင့်တာဟာ ယဉ်ကျေးမှုနဲ့ ဖျော်ဖြေရေးဆိုင်ရာ ရှုထောင့်တွေ အတွက်သာ မကဘဲ ကျားမတန်းတူ ရှိခွင့်အတွက် ကြိုးစား တိုက်ပွဲဝင်တာ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်တာ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ တက်ကြွလှုပ်ရှားတာတွေ အတွက်ပါ ဂုဏ်ပြုတာ ဖြစ်တယ်လို့ အစောပိုင်းက ပြောကြားထားခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ အနုပညာ နယ်ပယ်ထဲ စတင်ခြေချခဲ့တဲ့ ဝါရင့်မင်းသမီးကြီးဟာ အထင်ကရ ရုပ်ရှင်ဇာတ်ကား အများအပြားမှာ သရုပ်ဆောင်ခဲ့ပြီး Everything Everywhere All At Once ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ The Lady ဇာတ်ကားမှာလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတ်ရုပ်ကနေ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

Ref: Straits Times