အဓမ္မပြုကျင့်ဖို့ကြိုးစားတဲ့ ရာဇဝတ်အကျဉ်းသားကိုပြန်ခုခံတဲ့ LGBT နိုင်ကျဉ်းတဦး ရိုက်နှက်ခံရ

Photo Credit – Star

မေ ၊ ၄

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ အဓမ္မပြုကျင့်ဖို့ကြိုးစားလာတဲ့ ရာဇဝတ်အကျဉ်းသားကိုပြန်ခုခံခဲ့တဲ့ လိင်စိတ်ခံယူမှု ကွဲပြားတဲ့ LGBT နိုင်ကျဉ်းတဦး ရိုက်နှက်ခံရတာကြောင့် ထောင်ဆေးရုံမှာတက်ရောက်ဆေးကုသမှုခံယူခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။

“ကျောက်စရစ်ခဲတွေကို စုပြီး ထုတ်ထားတဲ့ပစ္စည်းတခုနဲ့ရိုက်တယ်လို့သိရတယ်၊ ခေါင်းကွဲသွားတာ အနည်းဆုံး ကိုးချက်ချုပ်ရတယ်၊ ပြောရမယ်ဆို ထောင်ထဲမှာက ရာဇဝတ်အကျဥ်းသားတွေက တုတ်လည်းကိုင်လို့ရတယ်၊ တခြားရိုက်နှက်စရာတွေလည်း ကိုင်ခွင့်ပေးထားတယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အဲဒီလို အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့ ရာဇဝတ်အကျဥ်းသားကို ဘယ်လိုအရေးယူထားလဲဆိုတာမသိရပေမယ့် ထိ ရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေတော့ လုပ်မှာမဟုတ်ဘူးလို့လည်း ကိုသိုက်ထွန်းဦးက ကောက်ချက် ချပါ တယ်။

အသက် ၂၄ နှစ်အရွယ် LGBT နိုင်ငံရေးအကျဥ်းသား ကိုရဲရင့်ကို(ခ) ရဲရဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမပတ်ထဲမှာ တတိုက်တည်းနေတဲ့ ရာဇဝတ်မှုတွေနဲ့ သေဒဏ်ချမှတ်ခံထားရသူ ပြူးကြီးဆိုသူက အခုလို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းခဲ့တာလို့ သိရပါတယ်။

“ပြုကျင့်ဖို့ ကြံတဲ့အချိန်မှာ ရဲရဲက ပြန်လည်ခုခံနိုင်ခဲ့တာဖြစ်ပါတယ်၊ ကျူးလွန်ခြင်းကို ခံရတာမဟုတ်ဘဲနဲ့ ကျူး လွန်ဖို့ကြိုးစားတာကို ခံခဲ့ရတာဖြစ်တယ်” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ကိုရဲရင့်ကိုဟာ အကြမ်းဖက်ပုဒ်မ၊ လက်နက် ပုဒ်မတွေနဲ့ ၂၀၂၂ ခုနှစ်ထဲမှာ ထောင်ဒဏ် ၉၆ နှစ်အထိ ချမှတ်ခံ ထားရတဲ့ နိုင်ငံရေးအကျဥ်းသားတဦးဖြစ်ပြီး ရန်ကုန်မြို့၊ အင်းစိန်ထောင်ကနေ သာယာဝတီအကျဥ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရတာလို့ သိရပါတယ်။

သီးသန့်အခန်း ဆယ်ခန်းလောက်ရှိတဲ့ အဲဒီတိုက်မှာ အကျဥ်းသားတွေကို အပြင်ထွက်ခွင့်ပေးထားတဲ့အချိန် အခု လို ကြိုးပမ်းခဲ့တာဖြစ်ပြီး အဲဒီ ရာဇဝတ်အကျဥ်းသားကလည်း တခြား အကျဥ်းသားတွေကို အုပ်ချုပ်ဖို့ ထောင် အာဏာပိုင်တွေက တာဝန်ပေးထားတဲ့သူလို့ ဆိုပါတယ်။

“တန်းပိတ်ချိန်မျိုးမှာတောင် သူတို့က အဆောင်တံခါးတွေကို ဖွင့်ခွင့်ရှိတယ်၊ တချို့ထောင်တွေမှာဆို တန်းပိတ် ချိန်မှာတောင် သူတို့ကို မပိတ်ဘဲနဲ့ သွားလာလှုပ်ရှားခွင့်ပေးတာမျိုးတွေရှိတယ်” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

နိုင်ငံတဝှမ်းက အကျဥ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက အ မျိုးသမီးတွေအပြင် LGBT တွေ၊ ငယ်ရွယ်တဲ့အမျိုးသားတွေကိုပါ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာ၊ ကျူးလွန်ဖို့ ကြိုးပမ်းတာတွေ မကြာခဏကြုံကြရတယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လထဲကပဲ စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ အကျဥ်းထောင်အရာရှိတဦးက နိုင်ငံရေး အကျဉ်းသား LGBT တဦးကို အဓမ္မပြုကျင့်ခဲ့ပါသေးတယ်။

အလားတူပဲ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလထဲကပဲ ဖမ်းဆီးခံခဲ့ရတဲ့ Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် ကိုရဲမွန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောရေးမှာ တနာရီလောက် လိင်ပိုင်းဆိုင်ရာ စော်ကား မှုပြုလုပ်ခဲ့ တယ်လို့ ကာယကံရှင်ကိုယ်တိုင် ဖွင့်ဟထားပါတယ်။