စစ်တပ် ပြန်ထိန်းချုပ်ထားတဲ့ ကော့ကရိတ်မြို့ကို ဒေသခံတွေနေရပ်မပြန်ရဲကြသေး

မေ၊ ၄

ငါးလနီးပါးတိုက်ပွဲဖြစ်ပြီးနောက် ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးဒေသခံတွေ နေရပ်ပြန်လာကြဖို့ ဖိအားပေးပြောဆိုနေပေမယ့် အများစုကတော့ နေရပ်မပြန်ကြရဲသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

“ပြန်သွားတာ ညညဘက်လက်နက်ကြီးပစ်ခတ် သံ တွေ ကြားနေရသေးတယ်ဆိုတော့ နေလို့ကမလုံ ခြုံ သေးဘူးထင်တော့ အခုယူစရာရှိတာ ယူပြီး လုံခြုံ တဲ့ဒေသကိုပဲ ပြန်လာနေလိုက်တယ်”လို့ ကော့ က ရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်က အသက်လေးဆယ် အရွယ် ဦးဝေဖြိုးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းမှာ မြဝတီမြို့ကို ထိုးစစ် ဆင်တိုက်ခိုက်ဖို့လာတဲ့ “အောင်ဇေယျ” စစ်ကြောင်းနဲ့အတူ စစ်ကောင်စီတပ်က ကော့ က ရိတ်မြို့ကို ဧပြီလတတိယအပတ်ထဲမှာ ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

အဲဒီနောက် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်ပြီး နေရပ် စွန်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေကို နေရပ်ပြန်လာနေထိုင်နိုင်ပြီလို့ သတင်း ထုတ်ပြန် ခဲ့သလို နီးစပ်ရာဒေသခံတွေကနေတဆင့် အသိ ပေးအကြောင်းကြားမှုလည်းလုပ်တယ်လို့  ဒေသခံ တွေက ပြောပါတယ်။

ဒါကြောင့်စစ်ရှောင်နေရတဲ့ ဒေသခံတွေ နေရပ်ပြန် လာကြတာရှိပေမယ့်အများစုကနေအိမ်ကို ပြန် လည်ကြည့်ရှု့ဖို့သာ ပြန်ဝင်သွားကြတာဖြစ်ပြီး မြို့ထဲမှာ ပြန်လည်နေထိုင်သူ တထောင်နီးပါးသာ ရှိတယ်လို့ နေအိမ်ပြန်သွားတဲ့ နောက်ထပ် ကော့ ကရိတ်မြို့ခံ တဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့လမကုန်ခင်နဲ့ အခုအစပိုင်းမှာ တော် တော် များတယ်လို့ ပြောလို့ရတယ်၊ အဲဒီလူတွေက အခု ပြန်ထွက်သွားကြတာများတယ်၊ ဒီမှာက အိမ်တွေ မရှိတော့ဘူးလေ၊ နေရာအခက်အခဲတွေ၊ စား သောက်ဖို့ အခက်အခဲတွေ ဖြစ်ကြတယ်၊ ပုံမှန် အတိုင်းမဖြစ်နေတော့ ပြန်ထွက်သွားကြတာ၊ ဘာမှ လုပ်စားလို့လည်း မရသေးဘူး”လို့ သူက ပြောပါ တယ်။

စစ်ကောင်စီကတော့ နေအိမ်မရှိတော့တဲ့ လူထုတွေအတွက် ဘာသာရေးအဆောက်အဦနဲ့ ခန်းမတွေမှာ နေရာထိုင်ခင်းစီစဉ်ပေးထားတာရှိသလို လူမရှိတဲ့နေအိမ်တွေမှာ ဝင်ရောက်နေထိုင်ကြဖို့ကိုလည်း ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

တဖက်မှာလည်း မြို့ပေါ်နေပြည်သူတချို့က နေ့စဉ်နဲ့အမျှ ဝင်ထွက်သွားလာနေကြသူများရှိနေသလို မြို့ပြင်ကျေးရွာတွေဘက်မှာ ဒေသခံတချို့နေရပ်ပြန်လာကြပြီး တချို့ကျေးရွာတွေမှာ ပုံမှန်အတိုင်း ဈေးဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချနေတာမျိုး ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းအများစုက မြို့ထဲပြန်လာနေကြပြီး ဌာနဆိုင်ရာရုံးတွေ အမြန်ဆုံးလည်ပတ်နိုင်ဖို့ကို စစ်ကောင်စီက စီစဉ်နေပေမယ့် ဒီကနေ့အထိ ဌာနဆိုင်ရာရုံးတွေအပါအဝင် ပုဂ္ဂလိကဘဏ်စျေးဆိုင်ခန်းတွေကအစ ပြန်လည်ဖွင့်လှစ်ထားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

“သူတို့ မီးကြိုးတွေ ပြန်ပြင်၊ ရုံးတွေ ပြန်ဖွင့်ဖို့ လုပ်နေတာတော့ တွေ့ရတယ်၊ ဒါပေမယ့် ခုထိတော့ မတွေ့သေးဘူး၊ ပုဂ္ဂလိကဘဏ်တွေရော၊ ကုန်စုံဆိုင်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းတွေကအစ မလည်ပတ်နိုင်သေးဘူး၊ ဘာမှ မတွေ့ရသေးဘူးပေါ့”လို့ အထက်ပါကော့ကရိတ်မြို့ခံက ပြောပါတယ်။

ကော့ကရိတ်မြို့ကို ပြန်လည်ရရှိနိုင်ဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပေမယ့် ဓါတုဓါတ်ငွေ့တွေနဲ့ပါ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ယာယီဆုတ်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပူးပေါင်းအဖွဲ့ဘက်က ပြောဆိုထားပါတယ်။

လက်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ ယာယီဆုတ်ခွာသွားတဲ့ ကော့ကရိတ်မြို့ပေါ်အပါအဝင် နေရာအများစုမှာ စစ်ကောင်စီတပ်က ခြေကုပ်ရယူထားတာကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဘယ်သူမဆိုပဲ ကိုယ့်အိမ်ကိုယ့်ရပ်ရွာမှာပဲ အေး အေးချမ်းချမ်းပြန်နေချင်တာပေါ့၊ အခုခြေအနေက မဖြစ်နိုင်သေးဘူးလေ၊ မြို့ထဲမှာ ရွာတွေဘက်မှာ စစ်တပ်က အခိုင်အမာနေရာယူထားလိုက်ပြီးလေ၊ တိုက်ပွဲပြန်ဖြစ်ရင် ကိုယ်တွေပဲ ထိမှာလေ၊ အရင်ကလည်း အဲဒီလိုပဲ တိုက်ပွဲငြိမ်ပြန်လာ၊ အိမ်ရောက်မှ လေယာဉ်နဲ့ ကြဲ လက်နက်ကြီးကျ ထိခိုက်သေဆုံးကြ၊ ပိတ်မိကြတယ်လေ၊ အဲဒါမျိုး ထပ်ဖြစ်မှာ စိုးရိမ်တယ်”လို့ ကော့ကရိတ်မြို့ခံ ဦးဝေဖြိုးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့ရာကနေ ငါးလနီးပါးထိတွေ့တိုက်ပွဲဖြစ်ထန်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်ကာလမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ‌မြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ်မီးလောင်မှုဖြစ်စဉ် ဆယ်ကြိမ်နီးပါးဖြစ်ပွားခဲ့သလို ဘာသာရေးအဆောက်အဦနဲ့ ဌာနဆိုင်ရာအများအပြားလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

DNA ကကောက်ယူထားတဲ့အချက်အလက်တွေအရ ငါးလနီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကော့ကရိတ်မြို့ပေါ်က နေအိမ်သုံးပုံတပုံကျော် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲနဲ့ ပစ်ခတ်တွေအကြားမှာ ဒေသခံပြည်သူဆယ်ချီသေဆုံးခဲ့ရသလို အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြို့နေလူထု သောင်းချီဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

လူဦးရေသုံးသိန်းနီးပါးရှိတဲ့ ခရိုင်ရုံးအခြေစိုက်ရာ ကော့ကရိတ်မြို့မှာ ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၅၃ ခု၊ ကျေးရွာ ၂၆၀ ခုရှိပြီး မြို့နေအိမ်ခြေ ၇၈၂၅ ရှိကာ အိမ်ထောင်စု ၇၉၄၆ စုရှိတယ်လို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်ထားတဲ့ အစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိသွားတဲ့ ကောကရိတ်မြို့မှာ လက်ရှိ ဒေသခံပြည်သူထောင်သောင်းချီနေရပ်ပြန်လာနေကြပြီး သူတို့အတွက် လိုအပ်တဲ့အကူအညီတွေကို ကူညီထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။