တောင်စွန်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဆယ်နီးပါး သေဆုံးတယ်လို့ဆို

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲကစစ်ကောင်စီရဲ့ တောင်စွန်းစစ်စခန်းကို တော်လှန်ရေးတပ်တွေက ဒီကနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၆ဦးသေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၁၃ဦးက တော့ ထွက်ပြေးသွားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)U အခုညပိုင်းမှာထုတ်ပြန်ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်တောင်ခြမ်း ဘုရားသုံးဆူလမ်းပေါ်မှာရှိတဲ့ တောင်စွန်းရွာအခြေစိုက် အဲ့ဒီစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ၇ရက်မှာ ဒရုန်းနဲ့စတင်တိုက်ခိုက်ကာ ဧပြီ၁၇ရက်မှာတော့ ထိုးစစ်စတင်ခဲ့ တာလို့ သိရပါတယ်။
ထိုးစစ်စတင်အပြီး လဝက်ကျော်အကြာ ဒီကနေ့မနက်ပိုင်းမှာတော့ စခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ကြီး၊လက်နက်ငယ် လေးဆယ်ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ S.O.F တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Photo S.O.F

အဲ့ဒီစစ်စခန်းမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၄ လက်အောက်ခံ တပ်တွေ အခြေစိုက် တပ်စွဲထားတာဖြစ်ပြီး စခန်းသိမ်းတိုက်ကာလအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ရှစ်ကြိမ်၊MI-35ရဟတ်ယာဉ်နဲ့ ငါးကြိမ်၊Y-12 လေယာဉ်နဲ့ ၂၃ ကြိမ်စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၃၆ကြိမ် ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းတော်လှန်ရေးတပ်တွေဘက်က တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ S.O.F တပ်ဖွဲ့ထုတ်ပြန်ချက်ကဆိုပေမယ့် အရေအတွက်တိတိကျကျတော့ဖော်ပြမထားပါဘူး။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် တောင်စွန်းနဲ့ ဆင်ပြေးကျေးရွာတို့က ဘာသာရေးအဆောက် အဦတွေအပါအဝင် လူနေအိမ်ငါးဆယ်ကျော်ထိခိုက်ပျက်စီးကာ ဒေသခံတွေဒဏ်ရာရတာလည်းရှိတယ်လို့ သိရ ပါတယ်။