Photo စစ်ကောင်စီ (ဓမ္မသရွာကိုလာရောက်ကြည့်ရှုတဲ့စစ်ကောင်စီခန့်မွန်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတချို့ကိုတွေ့ရစဉ်)
မေ၊ ၃
ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးသွားတဲ့ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို ကူညီ ထောက် ပံ့ဖို့ဆိုပြီးလာရောက်တဲ့ မော်လမြိုင် ခရိုင်အုပ် ချုပ် ရေးမှူးနဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာ ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။
“ဗုံးသီးက ငါးလုံးလောက်ရှိမယ်ထင်တယ်၊ ဆက် တိုက်ပဲ၊ ကံကောင်းလို့ ခရိုင်မှူးက မထိဘူး၊ ထိ တာတော့ လုံခြုံရေးအဖွဲ့တွေပဲ ထိတာ၊ နောက် ထပ်လာတဲ့ဟာတွေ ပစ်ချနိုင်တာလဲ ရှိတယ်”လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ကအမည်မဖော်လိုတဲ့အရာရှိတဦးက DNA ကို ပြောပါတယ်။
မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြတ်ယု ဦးဆောင်တဲ့အဖွဲ့ဟာ မေလ ၂ ရက် မွန်းလွဲ တနာ ရီလောက်ကကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို ရောက်လာပြီး မီးလောင်ပြာကျသွား တဲ့နေအိမ် တွေကို ကြည့်ရှု့နေချိန်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးအ ဖွဲ့မှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်သားနှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲဒီထဲက စစ်သားတဦးကခန္ဓာကိုယ်ပေါက်ပြဲဒဏ်ရာပြင်းထန်တာကြောင့်ဆေးရုံမှာဆေးကုမှုခံယူနေချိန်သေဆုံးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် ဂျိုင်းမြစ်အတွင်းက စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့သလို အဲဒီကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဘေးပတ်ဝန်းကျင် ကျေးရွာဘက်ကို လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ကဆို နေ့လယ်လောက်စပြီး တညလုံးပဲ လက် နက်ကြီးအသံတွေ ကြားနေရတာပဲ၊ ညဘက်ဆို ဓမ္မသရွာဘက်လည်း ကျတယ်၊ အနီးအနားရွာတွေ ထဲကို ပစ်ထည့်တာ” လို့ တောတောင်ထဲ တိမ်းရှောင် နေရတဲ့ ဓမ္မသရွာသားတဦးက ပြောပါတယ်။
လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ် သားထိခိုက်တာမျိုး မကြားရဘူးလို့ သူက ပြောပါတယ်။
လက်ရှိ ဓမ္မသကျေးရွာအပါအဝင် ဂျိုင်းမြစ် ကမ်း နားတလျှောက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပြီး အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထား ခြင်းမရှိပါဘူး။
အဲဒီနယ်မြေမှာ လှုပ်ရှားတဲ့ မွန်ပြည်သစ် ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ နိုင်ဗညားမွန်ကို DNA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
ဂျိုင်းမြစ်ကမ်းနားမှာရှိတဲ့ ဓမ္မသကျေးရွာကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီခန့်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာ မီးလောင်ပျက်စီးသွားတဲ့ ဓမ္မသကျေးရွာကို ရောက်ရှိလာကာ ကူညီထောက်ပံ့မှုတွေပြုလုပ်ပေးပြီးနောက် ဒေသခံတွေ နေရပ်ပြန်လာကြဖို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေသမျှ ရွာထဲကို ပြန်ဝင်လာနေထိုင်ကြဖို့ အဆင်မပြေသေးဘူးလို့ တုံ့ပြန်ကြပါတယ်။