မေ၊ ၃
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခတွေကနေ ထွက်ပြေး တိမ်းရှောင်လာတဲ့ မြန်မာ ဒုက္ခသည်တွေကို ပထမအသုတ်အဖြစ် အိန္ဒိယက နေရပ် ပြန်ပို့လိုက်ကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့နောက် ထောင်နဲ့ချီတဲ့ အရပ်သားတွေအပြင် စစ်ရေး ပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ ရာနဲ့ချီတဲ့ စစ်သားတွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယဖက်ကို ခိုလှုံ ဝင်ရောက်ခဲ့ကြပါတယ်။ အဲဒီ အခြေအနေက အိန္ဒိယ အစိုးရအတွက် နယ်စပ် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာစေပြီး မြန်မာနိုင်ငံနဲ့ နယ်ခြားတလျှောက် ရှည်လျားတဲ့ စည်းရိုး ကာရံဖို့ပါ စီစဉ်လာခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယ ပြည်နယ် တခုဖြစ်တဲ့ မဏိပူရကလည်း မြန်မာဖက်ကနေ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကို နယ်နှင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှာတော့ မြန်မာ ဒုက္ခသည် ၃၈ ဦးထက် မနည်းဟာ မဏိပူရကနေ မြန်မာဖက်ခြမ်းကို ပြန်လည် ပို့ဆောင်ခံခဲ့ရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလနောက်ပိုင်း နယ်စပ်တဝိုက် မြန်မာဖက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိန္ဒိယဖက် ကူးပြောင်း ခိုလှုံလာသူတွေထဲက ၇၇ ယောက်လောက်ကို ပထမဆုံးအကြိမ် နေရပ် ပြန်ပို့ဖို့ ရည်ရွယ်ထားတယ်လို့ မဏိပူရ ပြည်နယ် ဝန်ကြီးချုပ် အန် ဘီရန် ဆင်းက ပြောပါတယ်။
အဲဒီ အစီအမံမှာ ခွဲခြားဆက်ဆံမှု သဘောတရားတွေ လုံးဝ မပါကြောင်း၊ မြန်မာဖက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလာသူတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နယ်နှင်ပြီး ပြန်ပို့တာသာ ဖြစ်ကြောင်းနဲ့ ပထမအသုတ် အကောင်အထည် ဖော်မှုတွေ ပြီးစီးခဲ့ကြောင်း ဆင်းက ဆိုပါတယ်။ အပြန်အလှန် အနေနဲ့ မြန်မာဖက်ကို ရောက်နေတဲ့ အိန္ဒိယ နိုင်ငံသား တဦးကိုလည်း ပြန်လည် ရွှေ့ပြောင်းစေခဲ့တယ်လို့ သူက ပြောကြားသွားပါတယ်။
အိန္ဒိယဟာ ၁၉၅၁ ခုနှစ်၊ ကုလသမဂ္ဂ ဒုက္ခသည်များ ကွန်ဗင်းရှင်းမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတခု မဟုတ်ပါဘူး။ ဒါကြောင့် နယ်စပ်ဖြတ်ကျော် ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ကူညီပေးဖို့ တာဝန်ခံထားခြင်း မရှိဘူးလို့ သတ်မှတ်နိုင်သလို ဒုက္ခသည်တွေကို အကာအကွယ်ပေးမယ့် ကိုယ်ပိုင် ဥပဒေတွေလည်း ပြဋ္ဌာန်းမထားပါဘူး။
ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဦးဆောင်တဲ့ BJP ပါတီဝင် တဦးဖြစ်တဲ့ ဆင်းဟာ တရားမဝင် မြန်မာရွှေ့ပြောင်းခိုလှုံသူတွေကို မတ်လကတည်းက ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမယ့် တိုက်ပွဲတွေ အရှိန်မြင့်တက်နေခဲ့တာကြောင့် အစီအစဉ် ရွှေ့ဆိုင်းထားခဲ့တာပါ။
တတိယမြောက် ဝန်ကြီးချုပ် သက်တမ်းအတွက် ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်နေတဲ့ မိုဒီက မဏိပူရမှာ ဆူပူမှုတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတဲ့ အကြောင်းတရားတွေထဲက တခုအဖြစ် ဒုက္ခသည်တွေ တရားမဝင် ဝင်ရောက်လာမှုကို အပြစ်ဖို့ ပြောဆိုထားပါတယ်။
Ref: CNN