အပစ်အခတ် ရပ်စဲရေးက ယာယီမဟုတ်ဘဲ အရှည်တည်တံ့ဖို့ ဟားမားစ် လိုလားနေ


မေ၊ ၂

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ ရေရှည် တည်မြဲဖို့ လိုတယ်လို့ တောင်းဆိုနိုင်ကြောင်း ဟားမားစ် ပြောက်ကျားတွေက ပြောပါတယ်။

အပစ်ရပ်ရေးအတွက် အစ္စရေးဖက်က အဆိုပြုချက်တွေကို အမြန်ဆုံး အကြောင်းပြန်ဖို့ စီစဉ်ထားကြောင်း၊ အဲဒီထဲမှာ အပစ်အခတ် ရပ်စဲရေးက ခဏတာ မဟုတ်ဘဲ ရေရှည် တည်မြဲဖို့ ဆိုတာကို ထည့်သွင်း တောင်းဆိုသွားမှာဖြစ်ကြောင်း ဟားမားစ်တွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီအချက်ကို အစ္စရေးကတော့ လက်ခံမယ့် အလားအလာ မရှိပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူက ယာယီ အပစ်ရပ် သဘောတူညီမှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂါဇာတောင်ပိုင်း၊ ရာဖာဟ်မြို့မှာ ခိုအောင်းနေတဲ့ ဟားမားစ် အင်အားစုတွေကို ဆက်လက် ချေမှုန်းသွားမယ်လို့ ကြုံးဝါးထားပါတယ်။

အမေရိကန်၊ အီဂျစ်၊ ကာတာတို့လို အပစ်အခတ် ရပ်စဲရေးကိစ္စ ကြားဝင် ညှိနှိုင်းပေးနေတဲ့ နိုင်ငံတွေကတော့ ရက် ၄၀ ကြာ အပစ်အခတ် ရပ်ထားမယ့် သဘောတူညီမှုအတွက် ဟားမားစ်တွေက ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ အများစုကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းနေပါတယ်။

ဟားမားစ် ခေါင်းဆောင် တဦးဖြစ်တဲ့ ဆူဟေးလ် အယ်လ်ဟင်ဒီက အစ္စရေးရဲ့ အဆိုပြုချက်ကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းပြန်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဟာ ယာယီ မဟုတ်ဘဲ အမြဲတမ်း တည်မြဲဖို့ ဖြစ်သင့်တယ်ဆိုတဲ့ သဘောထားကိုတော့ ဟားမားစ်တွေက ဆုပ်ကိုင်းထားဆဲဖြစ်ကြောင်း ပြောပါတယ်။

ညှိနှိုူင်းမှုနဲ့ ပတ်သက်လို့ သိရှိထားတဲ့ သတင်းရင်းမြစ် တဦးကတော့ အစ္စရေးရဲ့ အဆိုပြုချက်က စစ်သုံ့ပန်းတွေနဲ့ ဓားစာခံတွေ လဲလှယ်မှုအပြီး ဂါဇာမှာ တည်ငြိမ်မှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းပေးဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြပါရှိကြောင်း ပြောပါတယ်။ နောက်ပြီး ဂါဇာကနေ အစ္စရေးစစ်တပ် အပြီးရုပ်သိမ်းရေးဆိုတဲ့ ကိစ္စကလည်း ညှိရခက်တဲ့ ကိစ္စတခု ဖြစ်လာဖွယ် ရှိနေပါတယ်။

အစ္စရေးရဲ့ အဓိက စစ်မဟာမိတ်ဖြစ်တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ အပစ်အခတ် ရပ်စဲရေးကို လက်ခံဖို့ နေတန်ယာဟူကို အလေးအနက် တောင်းဆိုနေကြောင်းနဲ့ အမေရိကန်ဟာ ရာဖာဟ်ထိုးစစ်ကို ဆန့်ကျင်ရပ်တည်မှာဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။

Ref: Reuters