AUKUS အဖွဲ့ဝင်အဖြစ် ပူးပေါင်းနိုင်ရေး တောင်ကိုရီးယား စိတ်ဝင်တစား ဆွေးနွေးနေ


မေ၊ ၁

AUKUS ကာကွယ်ရေး သဘောတူ စာချုပ်မှာ အစိတ်အပိုင်း တခုအဖြစ် ပါဝင်ခွင့်ရရေးအတွက် တောင်ကိုရီးယားက ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

AUKUSဟာ အင်ဒို-ပစိဖိတ် ဒေသတွင်းမှာ လုံခြုံရေး အစီအမံတွေ မြှင့်တင်ဖို့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ကြား ရယူထားတဲ့ ရေကြောင်း ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် ဖြစ်ပါတယ်။ အဲဒီ စာချုပ်အရ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ဩစတြေးလျအတွက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ထောက်ပံ့ပေးဖို့၊ ရေရှည်မှာ အမေရိကန်နဲ့ ဗြိတိန် ရေတပ်ပါ ဩစတြေးလျမှာ ပူးပေါင်း အခြေစိုက်ဖို့ သဘောတူထားပါတယ်။

AUKUSဟာ ဒေသတွင်းမှာ မဟာပြိုင်ဘက် တရုတ်ရဲ့ ဩဇာဖြန့်ကျက် ကြီးစိုးဖို့ အားထုတ်လာမှုတွေကို တုံ့ပြန်တဲ့ အမေရိကန်ရဲ့ အစီအမံ တရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ခံထားရပါတယ်။

အခုတော့ တောင်ကိုရီးယားကလည်း AUKUSမှာ ချိတ်ဆက်ပြီး ရေတပ်ရဲ့ မဟာဗျူဟာ အင်အားနဲ့ နည်းပညာကို ချဲ့ထွင်နိုင်ရေး ဆွေးနွေးနေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝန်ဆစ်ခ်က ပြောပါတယ်။

AUKUSဟာ ဂျပန်ကိုပါ လက်ခံဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်လို့ တရားဝင် ဆွေးနွေးမှု လုပ်ဆောင်သွားမှာပါ။ AUKUSကို ၂၀၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တရုတ်ရဲ့ ရေတပ်အင်အား ချဲ့ထွင်မှုတွေကို တန်ပြန်ဖို့ အဓိက ရည်ရွယ်ထားခဲ့ပါတယ်။

လက်ရှိ ဆွေးနွေးမှုတွေဟာ AUKUSနဲ့ ဖြစ်နိုင်ခြေရှိတဲ့ မိတ်ဖက်အဖြစ် လက်တွဲ ဆောင်ရွက်မှုတွေအတွက် အဓိက ဦးတည်ထားတယ်လို့ ဝန်ကြီး ရှင်းက ပြောပါတယ်။ သူက တောင်ကိုရီးယား အနေနဲ့ ဒုတိယအဆင့် လုပ်ငန်း အကောင်အထည် ဖော်မှုတွေမှာ အဖွဲ့ဝင်အသစ်တွေ လက်ခံဖို့ စဉ်းစားမယ်ဆိုတဲ့ အချက်အပေါ် အလေးအနက် အာရုံစိုက်ထားကြောင်း ပြောပါတယ်။ ပထမ အဆင့်ကတော့ ဩစတြေးလျအတွက် နျူကလီးယား လက်နက်တွေ တပ်မထားပေမယ့် နျူကလီးယားစွမ်းအင် အသုံးပြု ရေငုပ်သင်္ဘောတွေ ပို့ဆောင်နိုင်ရေးပါ။

တောင်ကိုရီးယားအပြင် ဂျပန်ကလည်း AUKUS အဖွဲ့ဝင်သစ် ဖြစ်လာဖို့ အင်တိုက်အားတိုက် ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် သက်ဆိုင်ရာ နိုင်ငံအသီးသီးကတော့ အဲဒီကိစ္စအပေါ် အတည်ပြုဖို့ ငြင်းဆိုထားကြဆဲ ဖြစ်ပါတယ်။

Ref: Reuters