စဉ့်ကူးနယ်က စစ်ကောင်စီအထိုင်စခန်းတခုသိမ်းပိုက်ခံရ၊ဒုဗိုလ်မှူးကြီးအပါအဝင် စစ်သားဆယ့်တဦးသေဆုံး

Photo – MDY PDF

ဧပြီ ၊ ၃၀

မန္တလေးတိုင်း၊သပိတ်ကျင်းခရိုင်၊စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီအထိုင်စခန်းတခုကို အခုလ ၂၈ရက်က တိုက် ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးတင်ကိုအပါအဝင် ၁၁ဦးသေဆုံးပြီး တပ်သား ၁၅ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကဒီကနေ့ထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ်ထဲက ဝါးပိုးချပ်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဧပြီ ၂၈ရက်မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ငယ် ၁၉လက်၊၆၀ မမစိန် ပြောင်းတလက်နဲ့ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားတာပါ။

ဝါးပိုးချပ်ရွာစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်က အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။ဒီကနေ့ ထုတ်ပြန်ထားတဲ့စခန်းသိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံတွေအတွင်း စစ်ကောင်စီရဲ့ ဒုတိယ ဗိုလ် မှူးကြီးတင်ကိုဆိုသူ ရုပ်အလောင်းဓာတ်ပုံကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။

ဒုတိယဗိုလ်မှူးကြီးတင်ကိုဟာ သပိတ်ကျင်း တတက(၁၃) လေ့ကျင်ရေးတပ်က အုပ်ချုပ်မှုဌာန ဌာနမှူးဖြစ်တယ် လို့လည်းသိရပါတယ်။

စဉ့်ကူးမြို့နယ်ထဲက နောက်ထပ် စစ်ကောင်စီစခန်းငယ်တခုကိုလည်း သိမ်းပိုက်ရရှိထားသေးတယ်လို့ ထုတ် ပြန်ချက်မှာဖော်ပြထားပေမယ့် အသေးစိတ်တော့ မပါဝင်ပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ အခုလအတွင်း စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦး လွင်မြို့ကို ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့သလို နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

သရက်ကုန်းကျေးရွာက စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဧပြီ ၁၅၁၅ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပေမယ့် အဲ့ဒီအနီးတဝိုက်မှာ နေ့စဉ်တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။