မလေးရှား ရေတပ်ရဟတ်ယာဉ်နှစ်စီး လေထဲမှာ တိုက်မိ၊ တဆယ်ဦးသေဆုံး

ဧပြီ ၊ ၂၃

မလေးရှားမှာ စစ်ရေးပြ အခမ်းအနားအတွက် လေ့ကျင့် ပျံသန်းရင်း ရေတပ် ရဟတ်ယာဉ်နှစ်စီး လေထဲမှာ တိုက်မိလို့ ပျက်ကျခဲ့ရာက လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

ဒေသခံ မီဒီယာတွေက ဖော်ပြတဲ့ မှတ်တမ်း ဗီဒီယိုတွေမှာတော့ ရဟတ်ယာဉ် တစီးရဲ့ ဒလက်တွေနဲ့ တခြားတစီး ငြိမိရာက နှစ်စီးလုံး မြေပြင်ပေါ် ထိုးဆင်းပြီး ပျက်ကျခဲ့တာကို တွေ့ရပါတယ်။

ဧပြီ ၂၃ ရက် ဖြစ်စဉ်ဟာ မလေးရှား ရေတပ်စခန်းတခု တည်ရှိရာ လွမ်မတ်မြို့မှာ ဖြစ်ပွားခဲ့တာပါ။ ရဟတ်ယာဉ် နှစ်စီးပေါ် လိုက်ပါလာသူ အားလုံး သေဆုံးပြီး အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွက် လေ့ကျင့် ပျံသန်းရင်း ရဟတ်ယာဉ်နှစ်စီး အခုလို ငြိမိခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ပထမတစီးက HOM M503-3 အမျိုးအစားဖြစ်ပြီး လူ ၇ ဦး စီးနင်းလိုက်ပါခဲ့ပါတယ်။ အဲဒီ ရဟတ်ယာဉ်ဟာ ပြေးလမ်းတခုနားမှာ ပျက်ကျခဲ့တာပါ။ နောက်တစီးကတော့ လူ ၃ ဦး လိုက်ပါလာတဲ့ Fennec M502-6 အမျိုးအစားဖြစ်ပြီး အနားမှာရှိတဲ့ ရေကူးကန် တခုထဲကို ထိုးဆင်းသွားခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး လတ်တလောမှာတော့ ရှာဖွေရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ ရေတပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း ဂျပန်ရေတပ်ရဲ့ ရဟတ်ယာဉ်နှစ်စီး လေ့ကျင့်ရေး မစ်ရှင်တခုမှာ မိနစ်ပိုင်းခြား ပျက်ကျခဲ့ပြီး ၁ ဦးသေ၊ ၇ ဦးက ပစိဖိတ် သမုဒ္ဒရာထဲမှာ ပျောက်ဆုံးနေပါတယ်။

Ref: BBC