အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာ လက်မလွှတ်ရရေး စစ်ကောင်စီအပြင်းအထန်ခုခံနေ


ဧပြီ၊ ၁၉

စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့နယ်မှာ အာရက္ခတပ်တော်(AA)က ထိုးစစ် အရှိန်မြင့်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း စခန်းတွေမကျရေး လေကြောင်းသုံးကာ အပြင်း အ ထန် ခုခံနေတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

AA ဟာ အမ်းမြို့နယ်အတွင်းက အင်အားရာချီရှိ အကြီးဆုံးဗျူဟာကုန်းဖြစ်တဲ့ တောဟိန်းတောင်ဗျူဟာကို ထိုး စစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အပြီးသတ်သိမ်းပိုက်နိုင်ဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။

“တောဟိန်းတောင်ကျရင် အမ်းမြို့ကို ဝင်လို့ရသွားပြီ၊ စစ်ဌာနချုပ်ကို သိမ်းနိုင်ဖို့လည်း ပိုလွယ်သွားပြီ၊ ဆိုတော့ စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ အသည်းအသန်လာပစ်နေတယ်၊ မနေ့ကလည်း ညကိုးနာရီကျော်လောက်ထိ ပစ်တယ်”လို့ အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

စစ်တွေ – အမ်း ကားလမ်းမပေါ် အမ်းမြို့နယ် ကစုကိုင်းရွာအနီးမှာရှိတဲ့ အဲဒီတောင်ဟိန်းတောင်ဗျူဟာကုန်းဟာ အမ်းမြို့ပေါ်နဲ့ တိုင်းစစ်ဌာနချုပ်တို့ကို ကာရံ၊ လုံခြုံရေးယူထားတဲ့စခန်းကြီးတခုဖြစ်တယ်လို့ စစ်ရေးနီးစပ်သူ တွေက ဆိုပါတယ်။

AA ဟာ အဲဒီဗျူဟာကုန်းကို ပြီးခဲ့တဲ့မတ်လကုန်းပိုင်းကတည်းက စတင်တိုက်ခိုက်နေခဲ့တာပါ။

“လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူပဲ ပေးလို့ရတော့တယ်၊ မြေပြင်ကနေ စစ်ကူဝင်လာလို့ မရတော့ဘူး၊ လက်နက်ချရင်ချ၊ မဟုတ်ရင် အသေခံဖို့ပဲ ရှိတယ်”လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

တောင်ဟိန်းတောင်ဗျူဟာကုန်းမှာ အခုတကျော့ပြန်တိုက်ပွဲစပြီးနောက်ပိုင်း အမ်းနဲ့ မြေပုံမြို့နယ်တို့အတွင်းက စစ်ကောင်စီရှေ့တန်းစခန်းအများအပြားကို တပ်ဆုတ်၊ စုပေါင်းထားခဲ့ပြီး အင်အားခြောက်ရာဝန်းကျင် ရှိနိုင်တယ် လို့ စစ်ရေးနီးစပ်သူတွေက ခန့်မှန်းကြပါတယ်။

ဒါ့အပြင် အမ်း – ပဒါန်းကားလမ်း ရခိုင်ရိုးမတောင်ပေါ်မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို AA နဲ့ ဒေသကာကွယ်‌ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

AA ဟာ အမ်းမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်း၊ တပ်စခန်းတွေကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ စ တင် ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး အမ်း-တပ်တောင်လမ်းပေါ်ရှိ အမှတ်(၉၂၆)ထောက်ပံ့၊ ပို့ဆောင်ရေးတပ်ခွဲကို သိမ်းပိုက် ထားကာ အဲဒီအနီးမှ ခမရ ၃၇၂ တပ်ရင်းဟာလည် တပ်ဆုပ်သွားခဲ့တယ်လို့ စစ်ရေးနီးစပ်သူတွေက ပြောထား ကြ ပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနချုပ်နဲ့ ကျန်တပ်ရင်းတွေကိုလည်း AA က ဆက်သွယ်ရေးဖြတ်တောက်၊ ပိတ်ဆို့ထား တယ် လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အဲဒီလိုတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မြို့ပေါ်တပ်ရင်းတွေဆီကနေ လက် နက်ကြီးပစ်ခတ်တာတွေ နေ့စဉ်ရှိနေပြီး တိုက်ပွဲဧရိယာနဲ့ အလှမ်းဝေးတဲ့ လူနေကျေးရွာတွေဆီ ကျရောက် ပေါက်ကွဲလို့ အရပ်သားထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်နေတယ်၊ ရွာတွေမှာ ကျလို့ စစ်ရှောင်ရသူတွေလည်း အများကြီး တိုးသွားတယ်၊ နေရာတိုင်းကို ရမ်းပစ်နေတာ”လို့ အမ်းမြို့နယ်အခြေစိုက် လူမှုကူညီရေးဆောင်ရွက်နေသူတဦးက ပြောပါ တယ်။

ဒါ့အပြင် အမ်းမြို့ပေါ်နေ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်က မြို့ပြင်ထွက်ခွင့်ပိတ်ထားပြီး ကုန်စည်၊ ဆေး ဝါး အ၀င်အထွက်တွေကိုပါ ဖြတ်တောက်ထားတာကြောင့် ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

တိုင်းစစ်ဌာနချုပ်(နပခ)အထိုင်ချထားတဲ့ အမ်းမြို့နယ်မှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၇၁၊ ၃၇၂၊ ၂၇၂ နဲ့ အမြောက်တပ် ၃၇၄ တို့ အခြေစိုက်ပြီး လက်ရုံးတပ်တွေအပါအဝင် တပ်ရင်း၊ တပ်ခွဲ တဆယ်ကျော်ရှိပါတယ်။

မြို့နယ်ကိုးခုကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပါအဝင် ရခိုင်ပြည်နယ်အတွင်းက လက်နက်ချအညံ့မခံသေးတဲ့ တပ်စခန်းအားလုံးကို တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်ထားတဲ့ AA ဟာ အမ်း၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ထိုးစစ်ဆင်တွေ တပြိုင်တည်းလုပ်နေပါတယ်။

ဒါ့အပြင် ပြည်နယ်တောင်ပိုင်း တောင်ကုတ်နဲ့ သံတွဲမြို့နယ်တို့မှာလည်း ထိတွေ့တိုက်ပွဲအချို့ ရှိနေတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

AA ဟာ တိုက်ပွဲကာလ ငါးလကျော်အတွင်း ရခိုင်ပြည်နယ် ရမ်းဗြဲ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

မှတ်ချက်-  AA ကို စတင်တည်ထောင်ချိန်မှာ ရခိုင့်တပ်မတော်အဖြစ်သုံးစွဲခဲ့ပြီး ဆယ်နှစ်ပြည့်နှစ်ပတ်လည်မှာ ရခိုင့်တပ်တော်အဖြစ် ပြောင်းလဲသုံးစွဲကာ အဲ့ဒီနာမည်နဲ့ပဲ လူသိများခဲ့ပါတယ်။ပလက်ဝနဲ့ ရခိုင့်ဒေသက မြို့နယ် တွေကို သိမ်းပိုက် ထိန်းချုပ်လာနိုင်တဲ့ လက်ရှိတိုက်ပွဲကာလအတွင်း AA ရဲ့ ၁၅နှစ်မြောက် နှစ်ပတ်လည် ဧပြီ ၁၀ရက်မှာ တော့ အာရက္ခ တပ်တော်အဖြစ် ထပ်ပြီးပြောင်းလဲသုံးစွဲခဲ့ပါတယ်။

AA တပ်ဖွဲ့ဟာ ရခိုင်လူမျိုး တခုတည်းကိုကိုယ်စားပြုတဲ့ တပ်ဖွဲ့မဟုတ်ဘဲ ရခိုင်ပြည်နယ်ထဲက တခြားလူမျိုး စု တွေကိုပါ ကိုယ်စားပြုတဲ့ သဘောနဲ့ ဒီလို ပြောင်းလဲလိုက်တာလို့ AA ပြောခွင့်ရ ခိုင်သုခက ရှင်းပြထားပါတယ်။

Photo Credit – AA Info Desk