နိုင်ငံအလယ်ပိုင်းကို ဦးတည် တိုက်ခိုက်လာတဲ့ ဒရုန်းတချို့ကို ပစ်ချခဲ့ကြောင်း အီရန်ပြော

ဧပြီ ၁၉

နိုင်ငံ အလယ်ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ ဒရုန်းတချို့ကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ အီရန်က ထုတ်ပြန်ပါတယ်။

အစောပိုင်းမှာ အမေရိကန် စစ်ဘက် အရာရှိ နှစ်ဦးက အစ္စရေးဟာ အီရန်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် အီရန်ကတော့ လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒုံးကျည်တွေ မရှိသေးဘူးလို့ ဧပြီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒရုန်းတွေဟာ အစ္စဖာဟန်မြို့ လေပိုင်နက်ထဲ ဦးတည် ပျံသန်းလာပေမယ့် အီရန် လေကြောင်းကာကွယ်ရေး စနစ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ အီရန် အာကာသ အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဟိုဆိန်း ဒါလီရီယန်က ပြောပါတယ်။

အစ္စရေးဟာ နိုင်ငံပိုင်နက်ထဲကို အီရန်က ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း အစင်း ၃၀၀ ကျော်လောက်နဲ့ ပစ်ခတ်ခဲ့တဲ့ ကိစ္စကို လက်တုံ့ပြန်မယ်လို့ ကြေညာထားပြီး အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ ဘာမျတ်ချက်မှ မပေးသေးပါဘူး။

အီရန်ရဲ့ Fars သတင်းစာက အစ္စဖာဟန်မှာရှိတဲ့ ရှီကာရီ လေတပ်စခန်းနားမှာ ပေါက်ကွဲသံတွေ သုံးကြိမ်ထက်မနည်း ကြားခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

အစ္စဖာဟန်မှာ ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက်များများ ရှိသလဲ ဆိုတာနဲ့ အစ္စရေးက ဘယ်လို စစ်လက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့သလဲ ဆိုတာတွေကို လတ်တလော အတည်ပြုဖို့ ခက်ခဲနေဆဲပါ။

လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေအရ အီရန်လေပိုင်နက် တဝိုက်မှာ ပျံသန်းနေတဲ့ ခရီးသည်တင် လေယာဉ်တချို့ဟာ သတိပေးချက်တွေကို လိုက်နာပြီး ရုတ်တရက် လမ်းကြောင်းပြောင်းသွားတာတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

Ref: Reuters