မြဝတီမြို့ပြင်မှာတိုက်ပွဲပြင်းထန်နေ

 

ဧပြီ၊ ၉

မြို့စောင်တပ်အဖြစ် ခလရ ၂၇၅ တပ်ရင်းတခုသာကျန်တော့တဲ့ ကရင်ပြည်နယ် မြဝတီမြို့ပြင်ဘက်မှာ ဒီကနေ့ နေ့လယ်ပိုင်းကစလို့တိုက်ပွဲတွေ​ဖြစ်​နေတယ်လို့ မြဝတီမြို့ခံတွေဆီကသိရပါတယ်။

“နေ့လယ် ၁၂နာရီ ၁နာရီလောက်ကစပြီး ပစ်သံတွေပြန်ကြား​တာ။ ဆက်တိုက်ပဲ။ ၂၇၅ တပ်ဖက်ခြမ်းမှာဖြစ်နေတာ၊မြို့ထဲတော့ရောက်မလာသေးဘူး”လို့ မြို့ခံတဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် မြို့တွင်းအထိတိုက်ပွဲတွေရောက်လာမှာစိုးတာကြောင့် ထိုင်းနိုင်ငံဘက်ဝင်ရောက်တိမ်းရှောင်သွားသူတွေရှိသလို လက်ရှိအထိမြို့တွင်းမှာ နေထိုင်ဆဲ အရပ်သားတွေလည်းအများအပြားရှိနေသေးတယ်လို့ သူကဆက်ပြောပါတယ်။

“စျေးဆိုင်ကြီးတချို့ကဖွင့်ပေးထားလို့ ​ဝယ်ခြမ်းလို့ရနေသေးတယ်၊မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေကအရင်ရက်တွေကတည်းကပိတ်ကုန်တာ။ ထိုင်းနယ်စပ်တလျှောက်လည်း ထိုင်းစစ်တပ်က လက်နက်မျိုးစုံနဲ့ လုံခြုံရေးချထားတယ်၊ အောက်လမ်းတွေကနေပေးမဖြတ်တော့ဘူး၊ဖြတ်ချင်ရင်တံတားပေါ်ကနေပဲသွားရတော့တယ်”လို့ အထက်ပါမြဝတီမြို့ခံကပြောပါတယ်။

ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေအရတော့ မြဝတီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က လက် နက်ကြီး၊လေကြောင်းပစ်ခတ်တိုက်မှုတွေနဲ့တုံ့ပြန်နေတာကြောင့်တိုက်ပွဲ ပြင်းထန်တယ်လို့သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက် ခံ KNLA ၊PDF နဲ့ တော်လှန်းရေးပူးပေါင်းတပ်တွေဟာ မတ်လ ၇ရက်ကစလို့ စစ်ကောင်စီကိုထိုးစစ်အရှိန်မြှင့်ခဲ့ပါတယ်။

အဲ့ဒီထိုးစစ်အတွင်း မြဝတီမြို့အနီး မြဝတီ-ကော့ကရိတ်လမ်းပေါ်က သင်္ဃန်းညီနောင်အခြေစိုက် တပ်ရင်းနှစ်ခုနဲ့ရဲစခန်းတို့ကို တော်လှန်ရေးတပ်တွေကသိမ်းပိုက်ခဲ့ပြီး သင်္ဃန်းညီနောင်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့တပ်မိသားစုဝင် ​ခြောက်ရာကျော်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကလက်နက်ချခဲ့ပါတယ်။ 

သင်္ဃန်းညီနောင်ဗျူဟာလက်နက်ချခဲ့ပြီးနောက် မြဝတီမြို့တဝိုက် တိုက်ပွဲတွေယာယီငြိမ်သက်ခဲ့ပြီး ဒီကနေ့မှာ တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာပါ။

“မြို့ထဲထိတိုက်ပွဲရောက်လာမှာလေယာဥ်ဗုံးကျဲမှာကို ကြောက်နေ​ရတယ်။ ကိုယ်တွေအပါအဝင်တချို့တွေကတော့ မကူးသေးဘူး။အခြေအနေစောင့်ကြည့်နေတုန်း”လို့ မြဝတီမြို့ခံတဦးကပြောပါတယ်။