ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျာမန်တပ်တွေ ပြည်ပမှာ ပထမဆုံးအကြိမ် ကာလရှည် ဖြန့်ကျက်

ဧပြီ၊ ၉

ဒုတိယနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဂျာမနီ တပ်တွေဟာ ပြည်ပနိုင်ငံ တခုမှာ ကာလရှည်ကြာ အခြေစိုက် ဖြန့်ကျက်ခဲ့ကြောင်း သိရပါတယ်။

NATO အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ လစ်သူယေးနီးယားမှာ အခြေစိုက်ဖို့အတွက် ဂျာမန် တပ်ဖွဲ့ဝင် နှစ်ဒါဇင်ဟာ အခုသီတင်းပတ်မှာ ပထမအသုတ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နှစ်ကုန်မှာ ဂျာမန်တပ်အင်အား ၁၅၀ ကျော် ရှိလာမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်ကျရင် တင်းပြည့်ကျပ်ပြည့်အဖြစ် ၅၀၀၀ ကျော် ဖြန့်ကျက်ထားမယ်လို့ ဆိုပါတယ်။

လစ်သူယေးနီးယား အစိုးရက ဂျာမနီ တပ်တွေ ဘောလ်တစ် ဒေသတွင်းမှာ အမြဲတမ်း ဖြန့်ကျက်ထားဖို့ ဆုံးဖြတ်လိုက်တာဟာ သမိုင်းဝင် အခိုက်အတန့် တခုဖြစ်တယ်လို့ ချီးကျူး ညွှန်းဆိုခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန် ကတည်းက ဂျာမနီတွေဟာ နိုင်ငံတကာ စစ်မှုရေးရာ ကဏ္ဍတွေမှာ အတတ်နိုင်ဆုံး လက်ရှောင်လေ့ရှိပြီး တပ်တွေကို ပြည်ပမှာ ကာလရှည်ကြာ ဖြန့်ကျက်ထားတာမျိုး မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် အပြီးမှာတော့ ဂျာမနီ အပါအဝင် NATO အဖွဲ့ဝင် နိုင်ငံတွေအပေါ် ကြီးမားတဲ့ သက်ရောက် ရိုက်ခတ်မှုတွေ ရှိလာသလို လစ်သူယေးနီးယားမှာ NATOရဲ့ တပ်အင်အား ဖြည့်တင်းရေး အစီအမံအဖြစ် ဂျာမနီက ပါဝင်လာတာ ဖြစ်ပါတယ်။

ဒါဟာ ဂျာမနီပြင်ပမှာ တပ်တွေကို အမြဲတမ်း အထိုင်ချ ဖြန့်ကျက်တာမျိုးက နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး လစ်သူယေးနီးယား အခြေစိုက် တပ်ရင်းအသစ်ဟာ ဂျာမနီ စစ်တပ်အတွက် အရေးအကြီးဆုံး နေ့သစ်တခုကို ဦးဆောင်မှု ပေးခဲ့တာဖြစ်တယ်လို့ တပ်ဖွဲ့ဝင်တွေကို နှုတ်ဆက်တဲ့ အခမ်းအနားမှာ ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးရက်စ်က ပြောကြားခဲ့ပါတယ်။

NATO အဖွဲ့ရဲ့ သတ်မှတ် သဘောတူညီမှုတွေအရ အဖွဲ့ဝင် ၃၂ နိုင်ငံထဲက ဘယ်နိုင်ငံကိုမဆို ထိပါးခံရတာနဲ့ အဖွဲ့ဝင်အားလုံး ပူးပေါင်းတုံ့ပြန် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ပစ္စတိုးရီးရက်စ်က ဂျာမနီဟာ လစ်သူယေးနီးယား အခြေစိုက် တပ်ဖွဲ့ကို အဆင့်အမြင့်ဆုံး စစ်လက်နက်တွေ ဖြည့်တင်းတပ်ဆင်ပြီး အင်အားအတောင့်တင်းဆုံး တည်ဆောက်ပေးသွားမယ်လို့လည်း ကတိပြုသွားခဲ့ပါတယ်။ လစ်သူယေးနီးယားဟာ ရုရှားသာ ယူကရိန်းမှာ စစ်နိုင်ခဲ့ရင် နောက်ထပ် ကျူးကျော်ဖို့ ပစ်မှတ် ဖြစ်လာမယ့် နိုင်ငံတွေထဲက တခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ခံထားရပါတယ်။

 

Ref: Bild