PNLA ကို အရပ်ဘက်အဖွဲ့ နှစ်ရာနီးပါးက ကန့်ကွက်တယ်ဆိုပြီး ထုတ်ပြန်ချက်အတုသုံးထားတဲ့ သတင်းမှား

မတ်၊ ၉

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLA ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့  လူမှုအဖွဲ့အစည်း ပေါင်း ၁၉၄ ဖွဲ့က ကန့်ကွက်တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

“ငြိမ်းချမ်းသည့် ပအိုဝ်းဒေသအား ဖျက်ဆီးတဲ့အကြမ်းဖက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLA /PNLO)ကို လူမှုအဖွဲ့အစည်းပေါင်း ၁၉၄ ဖွဲ့က ကန့်ကွက်ရှုတ်ချ” ဆိုပြီး ဆက်သွယ်ရန် အမည်နဲ့ ဖုန်းနံပါတ် ၅ ခုပါဝင်ကာ အဖွဲ့အစည်း ၁၉၄ ခုရဲ့အမည်တွေ ပူးတွဲပြီး ရေးသားထားတဲ့ ထုတ်ပြန်ချက်ကို Pa-Oh ပအိုဝ်း Facebook Page ကနေ ဧပြီလ ၅ ရက် ညနေမှာ စတင်ဖြန့်ဝေခဲ့တာပါ။ 

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ DNA Fact Check Team ကနေ စိစစ်ကြည့်တဲ့အခါမှာ လုပ်ကြံဖန်တီး ထားတဲ့ သတင်းမှားတခုဖြစ်တာကို စစ်ဆေးတွေ့ရှိရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်အတွက် ပါဝင်ခဲ့ကြောင်းဖော်ပြခံထားရတဲ့ အရပ်ဘက်အဖွဲ့တချို့ကို DNA က ဆက်သွယ် မေးမြန်းအတည်ပြုရာမှာ သူတို့အနေနဲ့ ဖော်ပြပါအကြောင်းအရာအတွက် ထုတ်ပြန်ချက်တခုခုမှာ ပါဝင် ထားတာမရှိဘူးလို့ ပြောကြပါတယ်။

“ဘာမှမသိရဘဲ ကန့်ကွက်တဲ့အထဲ ကျွန်တော်တို့အဖွဲ့ပါနေတာကို တွေ့ရတာပါ၊ အဖွဲ့အစည်းအမည်ကို အသုံးပြုခံလိုက်ရတာပါ၊ အဲဒါသတင်းအမှားပါ”လို့ အထက်ပါထုတ်ပြန်ချက်ထဲက အဖွဲ့နာမည် စာရင်းမှာ ပါဝင်နေတဲ့ Dragon Youth Network (ကရင်ပြည်နယ်) တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ် ။ 

အလားတူ အဲ့ဒီထုတ်ပြန်ချက်ကို သဘောတူပါဝင်ကြောင်း နာမည်စာရင်းတွေထဲပါနေတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းကလည်း ထုတ်ပြန်ချက်ကိစ္စကို သိမထားဘူးလို့ အတည်ပြုပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေအနေနဲ့ ရွှေမင်းသားဖောင်ဒေးရှင်းက  သဘောတူပါဝင်ခဲ့ဖူးတဲ့ ထုတ်ပြန်ချက် အဟောင်း တခုခုကို ပြန်လည်အသုံးချတာမျိုးဖြစ်နိုင်တယ်လို့လည်း သူကသုံးသပ်ပါတယ်။

PNLA ကို ကန့်ကွက်ရှုတ်ချတယ်ဆိုတဲ့ ထုတ်ပြန်ချက်မှာပါဝင်ကြောင်း  အမည်စာရင်းဖော်ပြခံထားရတဲ့ ပအိုဝ်းလူငယ်အဖွဲ့အစည်း Pa-O Youth Organization ကလည်း လူမှုအဖွဲ့အစည်းတွေရဲ့သဘောထားကို တောင်းခံတာမရှိဘဲ အလွဲသုံးစားလုပ် အသုံးချမှုသာဖြစ်တယ်လို့ ရှင်းလင်းထားတာကို ဒီနေရာမှာ ဖတ်ရှု နိုင်ပါတယ်။

(PNLA)က စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့အတွက် ရှမ်းပြည်နယ်အတွင်းက ပအိုဝ်းအဖွဲ့အစည်း တွေနဲ့ အခြားလူမှုအဖွဲ့အစည်း ၁၉၄ ခုရဲ့ နာမည်တွေကို အလွဲသုံးစားလုပ်ပြီး ထုတ်ပြန်ချက်အတု ဖြန့်ဝေ ခဲ့တာလို့  Shan MATA အဖွဲ့နဲ့ PNLA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတို့ကို ကိုးကားပြီး   Mekong News ကရေးသားထားတာကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား၊ အတုဖြစ်တယ်ဆိုတာကို Mizzima  ကနေ Fact Check အနေနဲ့ Myanmar Cultural Research Society (MCRS)အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ကိုရဲဟိန်းအောင်ကို မေးမြန်းရေးသားထားတာကိုလည်း ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ 

ဒါအပြင် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း(SWAN) ကလည်း ထုတ်ပြန် ချက်ဟာ မဟုတ်မမှန်၊ သတင်းတုဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲအောင် လုပ်ဆောင် နေတာလို့ ပြောဆိုထားတာကို Shan News ကရေးသားထားတာကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။