နျူကလီးယား ဓာတ်အားပေး စက်ရုံကို တိုက်ခိုက်ခဲ့ကြောင်း ရုရှား စွပ်စွဲချက်ကို ယူကရိန်းငြင်းဆို

ဧပြီ၊ ၈

ရုရှား ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံကို တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ယူကရိန်းက ငြင်းဆိုသွားခဲ့ပါတယ်။

ရုရှား အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဇာပေါ့ရစ်ဇီရာ ပြည်နယ်ထဲက ZNPP နျူကလီးယား ဓာတ်အားပေး စက်ရုံကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ZNPPဟာ ကျူးကျော်စစ်ပွဲ ကာလမှာ ရုရှားထိန်းချုပ်မှုအောက် ကျရောက်ခဲ့ပြီး ဥရောပ တတိုက်လုံးမှာ အရွယ်အစား အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးလည်း ဖြစ်ပါတယ်။

ZNPPရဲ့ ဓာတ်ပေါင်းဖို ၆ ခုထဲက အဓိက ဓာတ်ပေါင်းဖိုကြီးရဲ့ ဆက်စပ် အဆောက်အအုံ တခုမှာ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ နျူကလီးယား အေဂျင်စီဖြစ်တဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)က နောက်ဆက်တွဲ ဆိုးရွားလှတဲ့ နျူကလီးယား မတော်တဆမှုတွေ ဖြစ်မလာစေဖို့အတွက် နျူကလီးယား အဆောက်အအုံတွေကို ရှောင်ကြဖို့ ရုရှားရော၊ ယူကရိန်းကိုပါ သတိပေးထားပါတယ်။

ယူကရိန်းကတော့ ZNPPကို ပစ်မှတ်ထားတဲ့ ဘယ်လို လက်နက်ကိုင် တိုက်ခိုက်မှုကိုမှ မလုပ်ဆောင်ခဲ့ဘူးလို့ ယူကရိန်း စစ်ထောက်လှမ်းရေးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အန်ဒရီ ယူဆော့ဗ်က ဖြေရှင်းခဲ့ပါတယ်။ ရုရှားကတော့ အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ယူကရိန်း ရှိနေတယ်လို့ အခိုင်အမာ စွပ်စွဲထားပါတယ်။

တိုက်ခိုက်မှုကြောင့် အဆောက်အအုံ ပြင်ပ အစိတ်အပိုင်းတချို့ အနည်းအကျဉ်း ပျက်စီးခဲ့ပေမယ့် ရေဒီယို သတ္တိကြွမှု လွန်ကဲတဲ့ ပြဿနာမျိုးတွေတော့ မဖြစ်ခဲ့ဘူးလို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီရာ ဇာခါရိုဗာက ZNPPကို ပစ်မှတ်ထားခဲ့တဲ့ ယူကရိန်းရဲ့ တိုက်ခိုက်မှုဟာ နျူကလီးယား အကြမ်းဖက်မှု တခုလို့ စွပ်စွဲ ဝေဖန်သွားခဲ့ပါတယ်။

 

Ref: AP