ရက်ပေါင်းတရာ၊ အသက်ပေါင်း ငါးသိန်း – နှစ်သုံးဆယ်ပြည့် ရဝမ်ဒါ လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်စဉ်ကို ချဉ်းကပ်ခြင်း

ဧပြီ ၊ ၆

၁၉၉၄ ခုနှစ်၊ ဧပြီလကနေ ဇူလိုင်လအတွင်း ရဝမ်ဒါမှာ လူပေါင်း သန်းဝက်ကျော်ဟာ ရက်ပေါင်း ၁၀၀ ကျော်ရုံ အပိုင်းအခြား ကာလအတွင်း သတ်ဖြတ် ခံခဲ့ရပါတယ်။ လူ့အသက်ပေါင်း များစွာဟာ သေချာ စီစဉ်ထားပြီး အာဏာပိုင်တွေက လိုလိုလားလား ကျောထောက်နောက်ခံ ပြုထားပြီး လူနည်းစု တူထ်စီ တိုင်းရင်းသားတွေအပေါ် ပစ်မှတ်ထားတဲ့ လူသတ်ပွဲကြီးတွေရဲ့ သားကောင်ဘဝကို ကျရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ရန်လို ရက်စက်မှုတွေဟာ ရှုပ်ထွေးပွေလီပြီး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ကူးစက်သွားခဲ့ပါတယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေမှာ သေဆုံးသူ အများစုဟာ တူထ်စီတွေဖြစ်ပြီး ပြည်တွင်းနေ တူထ်စီ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံလောက် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကျူးလွန်သူ အများစုကတော့ လူများစု တိုင်းရင်းသားအနွယ် ဟူတူတွေပဲ ဖြစ်ပါတယ်။

■ တူထ်စီနဲ့ဟူတူ

ရဝမ်ဒါမှာ သမိုင်းကြောင်းအရ အဓိက တိုင်းရင်းသား မျိုးနွယ်စု ၃ ခု ကွဲကွဲပြားပြား ဖြစ်နေပါတယ်။ လူဦးရေ အများဆုံးက ဟူတူတွေဖြစ်ပြီး လယ်လုပ်ငန်းနဲ့ အဓိက အသက်မွေးကြပါတယ်။ နိုင်ငံလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းက တူထ်စီတွေဖြစ်ပြီး မွေးမြူရေး လုပ်ငန်းတွေ၊ ရုံးလုပ်ငန်းတွေ လုပ်ကြသလို စစ်တပ်ထဲမှာလည်း အမှုထမ်းကြတယ်။ လူဦးရေ အနည်းဆုံးကတော့ တွာမျိုးနွယ်စုတွေပါ။ စုစုပေါင်း လူဦးရေရဲ့ ၁ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။

တူထ်စီတွေက ပြည်တွင်း အထက်တန်းလွှာတွေထဲမှာ ပိုပြီး များများစားစား ဝင်ဆံ့ပါတယ်။ ကွဲပြားတဲ့ တိုင်းရင်းသား မျိုးနွယ်စု သုံးခုကြားမှာ ဘုံတူညီတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေ ကူးလူးဖလှယ်ထားကြပါတယ်။ မျိုးနွယ်စု ကွဲပြားသူတွေကြား လက်ထပ် ထိမ်းမြားမှုတွေကလည်း ကြုံနေတွေ့နေကျ အခြေအနေပါပဲ။ ပြီးတော့ လူမှုအဆင့်အတန်း ပြောင်းလဲ သတ်မှတ်တာမျိုးတွေလည်း ရှိတယ်။ ဟူတူတွေက ချမ်းသာ ကြွယ်ဝလာပြီး ကျွဲနွားတွေ အများအပြား ပိုင်ဆိုင်လာပြီဆိုရင် တူထ်စီ အစုအဖွဲ့ထဲ ကူးပြောင်း ခံယူလို့ ရတယ်။ တကယ်လို့ တူထ်စီတယောက်က လွန်လွန်ကဲကဲ ဆင်းရဲ ကျပ်တည်းလာပြီဆိုရင် ဟူတူအဖြစ် ရှုမြင်ခံသွားရတတ်တယ်။

ဘယ်လ်ဂျီယမ် ကိုလိုနီနယ်​​မြေ ဖြစ်ခဲ့ဖူးတဲ့ အာဖရိက နိုင်ငံမှာ အဲဒီလို ခွဲခြားမှုကို တရားဝင် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ရုပ်ရည်သွင်ပြင် ပုံပန်းသဏ္ဍန်၊ မျိုးရိုးစဉ်ဆက် ဆင်းသက်မှုတွေကို အခြေတည်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေကိုပါ အဆင့်ခွဲပြီး ထုတ်ပေးထားတယ်။ ယေဘုယျ ပြောရရင်တော့ တူထ်စီတွေက အထက်တန်းလွှာ၊ ရေပေါ်ဆီအဆင့်လို့ သတ်မှတ်လို့ ရပါတယ်။

■ သမိုင်းကြောင်းထဲက တင်းမာမှုများ

တူထ်စီတွေဟာ မျက်နှာသာပေး ဆက်ဆံခံရတယ်ဆိုတဲ့ အစွဲမျိုးနဲ့ ခါးသီးတဲ့ သဘောထားဟာ လူများစု ဟူတူတွေကြားမှာ အရင်ကတည်းက အမြစ်တွယ်နေခဲ့ပါတယ်။ တူထ်စီတွေက ဟူတူတွေအပေါ် အမြတ်ထုတ်တယ်ဆိုတဲ့ အတွေးဟာ အဲဒီ သွေးကွဲမှုကို ပိုမိုနက်ရှိုင်းလာစေတယ်။ ၁၉၅၉ ခုနှစ်မှာတော့ ဟူတူတော်လှန်ရေး ဖြစ်ပွားပြီး တူထ်စီ ၂ သောင်းနီးပါး အသတ်ခံခဲ့ရတယ်။ တူထ်စီ သောင်းဂဏန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံတွေဆီ အသက်လု ထွက်ပြေးခဲ့ကြရပါတယ်။

၁၉၆၉ ခုနှစ်မှာ ဘယ်လ်ဂျီယမ် အုပ်စိုးသူတွေက ရဝမ်ဒါကို စွန့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက် ဟူတူအများစု ပါဝင်တဲ့ အစိုးရ အာဏာရလာတယ်။ အကျိုးဆက်ကတော့ တူထ်စီတွေဟာ နိုင်ငံရဲ့ ကြုံလာသမျှ ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေမှာ မြေစာပင် ဖြစ်လာတော့တာပါပဲ။

၁၉၉၀ ပြည့်လွန် အစောပိုင်း ကာလတွေတုန်းက ဟူတူ တယောက်ဖြစ်တဲ့ သမ္မတ ဂျူဗီနဲလ် ဟက်ဘ်ယာရီမာနာဟာ ပြည်တွင်းမှာ လူကြိုက်များမှု ကျဆင်းလာပါတယ်။ အထူးသဖြင့် စီးပွားရေး ကျပ်တည်းမှုတွေကြောင့် အစိုးရအပေါ် လူထုရဲ့ ထောက်ခံမှုက ယိမ်းယိုင်လာတယ်။ အဲဒီအချိန်မှာပဲ တူထ်စီတွေရဲ့ တော်လှန်ရေး လှုပ်ရှားမှုတခုက အားကောင်းလာတယ်။ ယူဂန္ဓာမှာ အခြေစိုက်တဲ့ ရဝမ်ဒါ မျိုးချစ်တပ်ဦး (RPF)ဟာ လက်ရှိ သမ္မတ ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ပေါလ် ကာဂါမီရဲ့ ဦးဆောင်မှုနဲ့အတူ ရဝမ်ဒါ စစ်တပ်ရဲ့ စခန်းတွေကို မကြာခဏ တိုက်ခိုက်ခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာ ငြိမ်းချမ်းရေး စာချုပ်တရပ် ချုပ်ဆိုလိုက်ပေမယ့် တင်းမာမှုတွေကတော့ သိသိသာသာ လျော့ပါးမသွားခဲ့ပါဘူး။

■ ခါးသီးမှုများကို အားဖြည့်ခြင်း

‘တူထ်စီများကို လူမျိုးသုံး သတ်ဖြတ်ခြင်း’လို့ တရားဝင် ခေါ်ဝေါ်တဲ့ ဖြစ်စဉ်ကြီးဟာ ဟက်ဘ်ယာရီမာနာ လုပ်ကြံခံရမှုကနေ မြစ်ဖျားခံခဲ့ပါတယ်။ သမ္မတ စီးနင်းလိုက်ပါသွားတဲ့ လေယာဉ်ဟာ မြို့တော် ကီဂါလီအထက် ကောင်းကင်ယံမှာ ၁၉၉၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က ပစ်ချခံခဲ့ရတယ်။ အဲဒီ တိုက်ခိုက်မှုမှာ တကယ့် လက်သည် တရားခံ အစစ်က ဘယ်သူလဲဆိုတာ အခုထိ အပြင်းအထန် ငြင်းခုံမှုတွေ ဖြစ်နေဆဲပါပဲ။

လေယာဉ် ပစ်ချခံရပြီး သမ္မတ သေဆုံးသွားခြင်းက ရဝမ်ဒါ နိုင်ငံကို သပွတ်အူ အရှုပ်အထွေးတွေထဲ ဆွဲချပစ်လိုက်တယ်။ နာရီပိုင်း အတွင်းမှာပဲ လူထုထဲမှာ ကြမ်းကြုတ် ရက်စက်တဲ့ ကလဲ့စားချေ လှုပ်ရှားမှုကြီးတွေ စတင်လာပါတော့တယ်။

■ အစုလိုက် လူသတ်ပွဲများ

တူထ်စီတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေဟာ ကီဂါလီမြို့မှာ စတင်ခဲ့ပြီး နိုင်ငံအနှံ့ကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတယ်။ သမ္မတရဲ့ အစောင့်တပ်ဟာ လက်စားချေရေး စီမံကိန်း တခုကို အစပြုခဲ့ပြီး ထင်ရှားတဲ့ တူထ်စီ အနွယ်ဝင်တွေ၊ နိုင်ငံရေး အတိုက်အခံ အင်အားစုတွေကို လိုက်လံ သတ်ဖြတ်ပါတော့တယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှုကြီးအဆင့် မရောက်ခင် လပိုင်းတွေ ကတည်းက တူထ်စီ အများအပြားက သူတို့ရဲ့ နာမည်တွေကို စာရင်းရေးမှတ်ထားပြီး အရေးအခင်းကြီး တခုခု ဖြစ်လာတာနဲ့ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးကို ကြုံတွေ့ခဲ့ပြီးသားလို့ ဆိုပါတယ်။

အဲဒီအချိန်တွေတုန်းက ဟူတူစွမ်းအားဆိုတဲ့ အတွေးအမြင် တခုကလည်း ရဝမ်ဒါမှာ ခေတ်စားလာခဲ့တယ်။ နိုင်ငံမှာ ဟူတူတွေ အားကောင်းကောင်း ရပ်တည်ဖို့ဆိုရင် တူထ်စီတွေကို အမြစ်ပြုတ် သုတ်သင် ရှင်းလင်းရမယ်လို့ အဲဒီ အတွေးအခေါ်က လှုံ့ဆော်ခဲ့တယ်။ အစိုးရကလည်း အဲဒီ အမုန်းတရား ဖြန့်ဝေမှုတွေကို စိတ်လိုလက်ရ မီးစာဖြည့်ပေးခဲ့တယ်။ အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရေဒီယိုဌာန အများအပြားက တူထ်စီတွေကို မြွေတွေ၊ ပိုးဟပ်တွေလို့ နာမ်နှိမ်သုံးနှုန်းရင်း တူထ်စီ ဆန့်ကျင်ရေး ဝါဒဖြန့်ကြတယ်။ သွေးစည်းသူများလို့ အဓိပ္ပါယ်ရတဲ့ အင်တာရာဟမ်ဝီ အဖွဲ့ဟာ တူထ်စီတွေကိုသာ မကဘဲ တူထ်စီတွေကို စာနာသနားလို့ ခိုလှုံခွင့် ပေးထားတဲ့ သဘောထား ပျော့ပျောင်းသူ ဟူတူတွေကိုပါ ရှာဖွေပြီး လိုက်လံ သတ်ဖြတ်ခဲ့တယ်။

သေဆုံးသူ အများစုဟာ သားလှီးဓားတွေ၊ တင်းပုတ်တွေ၊ တုတ်ချောင်းတွေနဲ့ ခုတ်သတ်၊ ရိုက်သတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ တူထ်စီတွေ အနေနဲ့ ငွေကြေးတတ်နိုင်ရင် အစားထိုး သေဆုံးမှု နည်းလမ်းအဖြစ် ကျည်ဆန်ကို ငွေပေးပြီး ဝယ်ခဲ့ရပါတယ်။ ပိုပြီး နာကျင်မှု နည်းနည်းနဲ့ သေခွင့်ရဖို့ ဟူတူတွေက ငွေကြေးနဲ့ ဖလှယ်ပေးတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ရဝမ်ဒါဟာ ခရစ်ယာန် သာသနာ ထွန်းကားတဲ့ နိုင်ငံဖြစ်တာကြောင့် ထောင်ပေါင်းများစွာသော တူထ်စီတွေဟာ ဘုရားကျောင်းတွေဆီ အားကိုးတကြီး သွားရောက် ခိုလှုံတာတွေလည်း ရှိခဲ့ပါတယ်။ နေရာ တော်တော်များများမှာတော့ သူတို့တွေဟာ သော့ခတ် ပိတ်လှောင် ခံခဲ့ရပြီး သူတို့ကိုသတ်ဖို့ အင်တာရာဟမ်ဝီ အဖွဲ့တွေဆီ အကြောင်းကြားလိုက်တဲ့ နာကျင်စရာ အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပါတယ်။

ပြည်သူ့စစ်တွေနဲ့ ရဝမ်ဒါ စစ်သားတွေက ဟူတူ ပြည်သူတွေကိုယ်တိုင် အဲဒီ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေမှာ ကိုယ်ထိလက်ရောက် ဝင်ပါဖို့ စည်းရုံး တိုက်တွန်းခဲ့တယ်။ အဲဒီထဲမှာ မက်လုံးပေးတဲ့ ကိစ္စမျိုးတွေလည်း ပါတယ်။ ဥပမာ အနေနဲဲ့ သူတို့ သတ်ပစ်လိုက်တဲ့ တူထ်စီတွေ ပိုင်ဆိုင်တဲ့ ငွေကြေး၊ ရိက္ခာ၊ မြေယာ၊ မွေးမြူရေးတိရစ္ဆာန်တွေကို ပိုင်ဆိုင်ခွင့်ပေးမယ် ဆိုတာမျိုးတွေပါ။

ပြည်တွင်းမှာ အဲဒီလောက် ဝရုန်းသုန်းကားတွေ ဖြစ်နေပေမယ့် နိုင်ငံတကာ အသိုက်အဝန်းဟာ ရဝမ်ဒါကို မျက်ကွယ် ပြုထားခဲ့တယ်။ ဘယ်လ်ဂျီယမ် နိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၁၀ ဦး လုပ်ကြံခံရတဲ့ ဖြစ်စဉ်အပြီး ကုလသမဂ္ဂဟာ ရဝမ်ဒါမှာ ထားရှိတဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် အင်အားကို ၂၁၆၅ ဦးကနေ ၂၇၀ ပဲ ချန်ထားတဲ့ထိ လျှော့ချဖို့ ဆုံးဖြတ်ခဲ့တယ်။ ရဝမ်ဒါက လူမျိုးသုဉ်း လူသတ်ပွဲတွေဟာ အတောမသတ်နိုင်အောင် ဖြစ်ခဲ့ပြီး စုစုပေါင်း လူ ၅၀၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

■ အဆုံးသတ်အဖြေ

ဟက်ဘ်ယာရီမာနာ သေဆုံးပြီးတဲ့နောက် လူမျိုးရေး ပဋိပက္ခတွေ စတင်ပေါ်ပေါက်လာပြီး အရှုပ်အထွေးတွေ ပိုမိုဆိုးရွားလာချိန်မှာပဲ ကာဂါမီ ဦးဆောင်တဲ့ PRFဟာ ရဝမ်ဒါ အစိုးရတပ်တွေအပေါ် ထိုးစစ်အရှိန် မြှင့်တင်လာခဲ့တယ်။ ကုလသမဂ္ဂက ကြားဝင် စေ့စပ်ပေးပြီး အပစ်အခတ် ရပ်စဲနိုင်အောင် ကြိုးစားခဲ့ပေမယ့် အရာမထင်ပါဘူး။

ဇူလိုင်လ အရောက်မှာတော့ RPFဟာ နိုင်ငံ ဧရိယာ အများစုကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်လာတယ်။ ကီဂါလီ မြို့တော်ကိုတော့ ဇူလိုင် ၄ ရက်မှာ သိမ်းပိုက်လိုက်ပါတော့တယ်။ ဟူတူ ခေါင်းဆောင်တွေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုကို တက်တက်ကြွကြွ ဦးဆောင် ကျူးလွန်သူတွေ ရာပေါင်းများစွာဟာ ပြည်ပကို ထွက်ပြေးကြတယ်။ အမျိုးသား ညီညွတ်ရေး ကြားကာလ အစိုးရတရပ် ဇူလိုင် ၁၉ ရက်မှာ အာဏာရလာပြီး ဟူတူ တဦးဖြစ်တဲ့ ပက်စ်တူရာ ဘီဇီမွန်ဂူက သမ္မတ၊ တူထ်စီ တဦးဖြစ်တဲ့ ကာဂါမီက ဒုတိယ သမ္မတအဖြစ် အသီးသီး တာဝန်ယူခဲ့ကြတယ်။

ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။ RPFကလည်း ကြမ်းကြုတ်ရက်စက်တဲ့ လက်စားချေ လူသတ်ပွဲတွေ ဆင်နွှဲခဲ့ပြန်တယ်။ ၁၉၉၅ ခုနှစ်၊ ဧပြီလမှာဆိုရင် ကီဘီဟိုက ဟူတူ စစ်ဘေးရှောင် စခန်းတခုမှာ RPFရဲ့ လက်နက်ကိုင် အင်အားစုဖြစ်တဲ့ ရဝမ်ဒါ မျိုးချစ်တပ်တော် (RPA)က ဟူတူအနွယ် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၄၀၀၀ ကျော်ကို တနေ့တည်းနဲ့တင် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ရဝမ်ဒါ အစိုးရဟာ အဲဒီ လူသတ်ပွဲတွေကို အဓိက ကျူးလွန်ခဲ့သူ အားလုံးကို တရားဥပဒေနဲ့အညီ စီရင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဒီနေ့၊ ဒီအချိန် ဆယ်စုနှစ် ၃ ခု တင်းတင်းပြည့်မြောက်တဲ့ထိ အားရစရာ မဖြစ်သေးသလို တရားခံ အများစုက လွတ်မြောက်နေဆဲပါပဲ။

■ နောက်ဆက်တွဲများ

ရဝမ်ဒါဟာ စီးပွားရေး နာလန်ပြန်ထူဖို့နဲ့ ရင်ကြားစေ့ရေးအတွက် နှစ်ပေါင်းများစွာ အချိန်ယူ ဖြတ်သန်းခဲ့ရတယ်။ အစိုးရ အဆက်ဆက်ဟာ လူမှု စည်းလုံးရေး ကဏ္ဍကို မြှင့်တင်ဖို့၊ ညီညွတ်မှုကို တည်ဆောက်ဖို့အတွက် အဓိက ဦးစားပေးအဖြစ် အကောင်အထည် ဖော်ခဲ့ရတယ်။ လူမျိုးသုဉ်းဖြစ်စဉ်ကြီးမှာ အဓိက တာဝန်ရှိသူတွေကို စွဲချက်တင်နိုင်ဖို့ အပတ်တကုတ် အားထုတ်ခဲ့ရတယ်။

လူသတ်ပွဲတွေမှာ ပါဝင်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ သံသယရှိသူတွေက သောင်းနဲ့ချီ များပြားပြီး ထောင်တွေ ပြည့်လျှံကုန်တယ်။ နိုင်ငံရဲ့ တရားရေး ယန္တရားပါ မနိုင်မနင်း ဝန်ပိတဲ့ အခြေအနေကို ဆိုက်လာတယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အဓိက ကိုင်တွယ်စစ်ဆေးဖို့ ရာဇဝတ် တရားစီရင်ရေး စနစ်သုံးခုက သီးခြား တာဝန်ယူခဲ့ရတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ရာထူးအကြီးဆုံး အရာရှိ တချို့ဟာ ကုလသမဂ္ဂက ရဝမ်ဒါအတွက် ရည်ရွယ် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ကြားနာခံခဲ့ရတယ်။ အဓိက လှုံ့ဆော်သူတွေ၊ ကျူးလွန်သူတွေလည်း နိုင်ငံရဲ့ တရားရုံးတွေမှာ ကြားနာစစ်ဆေးတာတွေ ခံခဲ့ရတယ်။

ဒါပေမဲ့လည်း ကျူးလွန်သူ အများစုကို ဂါချာချာလို့ခေါ်တဲ့ ပြည်တွင်းက လူမှုအခြေပြု တရားရုံးတွေမှာပဲ စီရင်စစ်ဆေးနိုင်ခဲ့တာပါ။ အဲဒီ တရားရုံးတွေမှာ လူထုက တင်မြှောက်ထားတဲ့ ကျေးရွာနဲ့ ရပ်ကွက်အဆင့် တရားသူကြီးတွေကသာ သံသယရှိသူတွေကို စုံစမ်းမေးမြန်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ 

ဂါချာချာတွေ စုစုပေါင်း ၁၂၀၀၀ ကျော်ရှိခဲ့ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ အမှုပေါင်း ၁ သန်းကျော်ကို လက်ခံ စစ်ဆေးခဲ့ပါတယ်။ အဲဒီ တရားရေး စနစ်ကိုက လူထုကို အခြေပြုပြီး ပြည်သူတွေ ပါဝင်စီရင် ဆုံးဖြတ်နိုင်အောင် ဖန်တီးပေးထားတာပါ။ ဒါပေမဲ့ အမျိုးသား ရင်ကြားစေ့ရေးကို အဓိက ဦးတည်တဲ့အတွက် ဂါချာချာတွေမှာ ချမှတ်တဲ့ ပြစ်ဒဏ်တွေဟာ ဖြစ်သင့်တာထက် အများကြီး ပိုလျော့ပါးခဲ့ပါတယ်။ ပြစ်မှု ကျူးလွန်ခဲ့ပေမယ့် တရားရုံးနဲ့ ပူးပေါင်းဖို့ သဘောတူသူတွေက နောင်တရနေပြီလို့ ဆုံးဖြတ်ပြီး သက်ညှာပေးလိုက်တဲ့ ဖြစ်စဉ်တွေ တပုံတပင် ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူ တချို့ကတော့ ဂါချာချာတွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ လူမြင်ကောင်းရုံ ဟန်ပြပြီး စီရင်ဆုံးဖြတ်ပြနေတာသာ ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်တဲ့ တရားမျှတမှုမျိုး မရှိခဲ့ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ တကယ့် တင်းပြည့်ကျပ်ပြည့် တရားရုံးတွေ မဟုတ်တာကြောင့် ရှေ့နေတွေ ကင်းမဲ့တာမျိုး၊ အယူခံဝင်ခွင့် အားနည်းတာမျိုး ကိစ္စတွေကလည်း ဂါချာချာတွေမှာ တကယ်ပဲ ရှိခဲ့ပါတယ်။

တချို့ဖြစ်စဉ်တွေမှာတော့ ပြည်ပကို ထွက်ပြေးသွားတဲ့ တရားခံတွေဟာ ရောက်ရာနိုင်ငံမှာ စီရင်စစ်ဆေးခံရတာမျိုး၊ ရဝမ်ဒါကို ပြန်လည် ပို့ဆောင်ခံရတာမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။ 

■ ရုန်းမထွက်နိုင်သော ဆိုးမွေများ

လက်ရှိမှာတော့ ရဝမ်ဒါ လူ့အဖွဲ့အစည်းဟာ အကြောင်းတိုက်ဆိုင်တဲ့ တရားဝင် အခမ်းအနားတွေနဲ့ အောက်မေ့မှု အစီအစဉ်တွေကလွဲရင် လူမျိုးသုဉ်း သတ်ဖြတ်မှုကြီး အကြောင်းပြန် နောက်ကြောင်းပြန် ပြောပြမိတာမျိုး မရှိအောင် သတိထားနေကြပါတယ်။ နိုင်ငံအနှံ့မှာ ကျင်းပခဲ့ဖူးတဲ့ ကြီးကြီးငယ်ငယ် အောက်မေ့ လွမ်းဆွတ်မှု အခမ်းအနားတွေတိုင်းမှာ ဒါမျိုးကိစ္စ ထပ်မဖြစ်စေရဘူးဆိုတဲ့ သံန္နိဋ္ဌာန်တွေ၊ ကတိတွေကို အကြိမ်ကြိမ် ပေးနေကြပါတယ်။ တချိန်တည်းမှာပဲ ကာဂါမီရဲ့ အစိုးရဟာ သမိုင်းဝင် လူမျိုးသုဉ်း သတ်ဖြတ်မှုကြီးကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်နေကြောင်း စွပ်စွဲ ခံရပြန်တယ်။ အဲဒီ ဖြစ်ရပ်ဆိုးကြီးကို တသသ ပြန်ပြောရင်း သူ့ရဲ့ အာဏာစက် ခိုင်မာအောင် ကာဂါမီက ကြံစည်နေတယ်လို့ အတိုက်အခံတွေက ဝေဖန်ကြတယ်။ တချိန်တည်းမှာပဲ အတိုက်အခံတွေအပေါ် အဲဒီ ဖြစ်ရပ်ဆိုးကြီးကို အကြောင်းပြ ကိုးကားရင်း လက်နက်သဖွယ် ထိုးနှက်တာမျိုးတွေ ရှိနေတယ်လို့လည်း ဆိုတယ်။

လက်ရှိ အခြေအနေမှာတော့ RPFဟာ ရဝမ်ဒါကို တပါတီ နိုင်ငံရေး စနစ်မျိုးအဖြစ် ပုံသွင်းပြီး ကြီးစိုး အုပ်ချုပ်နေပါတယ်။ RPFရဲ့ နိုင်ငံအုပ်ချုပ်မှု ပုံစံဟာ အာဏာရှင်ဆန်ပြီး ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ဝေဖန်ခံနေရတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကာဂါမီက ထောက်ခံမဲ ၉၈.၇၉ ရာခိုင်နှုန်း ရရှိပြီး အာဏာဆက်လက် ထိန်းချုပ်ထားပါတယ်။ သူ့ရဲ့ အစိုးရဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ အတိုက်အခံ ပါတီတွေရဲ့ ခေါင်းဆောင်တွေနဲ့ ပြိုင်ဘက်တွေကို အကြောင်းပြချက် မျိုးစုံနဲ့ ဖမ်းဆီးတာတွေ ရှိခဲ့သလို လုပ်ကြံတဲ့ အဆင့်မျိုးတွေပါ လက်ရဲဇက်ရဲ ကျူးလွန်ခဲ့တယ်။ ရွေးကောက်ပွဲမှာလည်း မဲဆန္ဒရှင် ပြည်သူတွေကို ခြိမ်းခြောက်တာ၊ မဲလိမ်တာမျိုး ကိစ္စတွေက ပြောင်ပြောင်တင်းတင်း ဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ အတိုက်အခံ အင်အားစုတွေကိုတောင် ကျယ်ပြန့်တဲ့ သူလျှိုနဲ့ ထောက်လှမ်းရေး ကွန်ရက်တွေ အသုံးပြုပြီး အကြမ်းဖက် ရန်လိုတာ၊ အကျပ်ကိုင်တာမျိုး နည်းတွေနဲ့ နှုတ်ဆိတ်နေအောင် ဖိအားပေးထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ရဲ့ မနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာတော့ ရဝမ်ဒါဟာ အတိုက်အခံတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေး နှုတ်ပိတ်တာ၊ ပြိုင်ဘက် ဖြစ်လာနိုင်သူတွေကို ခြိမ်းခြောက်တာမျိုးတွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ဖိနှိပ်ရေး ဂေဟစနစ် တခုကိုတောင် ထူထောင်ထားသလို ဖြစ်နေပြီလို့ ဖော်ပြထားခဲ့ပါတယ်။

သတ်ဖြတ်မှုတွေ၊ ဖိအားပေးပြီး ပျောက်ကွယ်စေတာတွေ၊ တင်းကျပ်တဲ့ ထောက်လှမ်းမှုတွေ၊ ဥပဒေ အလွဲသုံးစားမှုတွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့အတူ ပြည်တွင်းမှာရော နိုင်ငံတကာ အဆင့်မှာပါ ရဝမ်ဒါ အစိုးရက အတိုက်အခံတွေ ဖိနှိပ်နေကြောင်း၊ နိုင်ငံရပ်ခြားမှာ တိမ်းရှောင်သူတွေကို ဆိုရင်လည်း ပြည်တွင်းမှာ ကျန်နေတဲ့ ဆွေမျိုးသားချင်း မိသားစုတွေကို ပစ်မှတ်ထားတဲ့ နည်းလမ်းတွေကို အသုံးပြုနေကြောင်း၊ ဒါ့အပြင် အွန်လိုင်းကနေ ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ အပုပ်ချ တိုက်ခိုက်တာမျိုး ကိစ္စတွေကလည်း ရဝမ်ဒါ အာဏာပိုင်တွေရဲ့ ပုံမှန်နည်းလမ်းတွေ ဖြစ်နေကြောင်း အစီရင်ခံစာက ဆိုပါတယ်။

တဖက်မှာလည်း ရဝမ်ဒါဟာ သွေးချောင်းစီးပြီး အိပ်မက်ဆိုး ဆန်လှတဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုကြီး တခုကနေ ပြန်လည် ကုန်းရုန်းထလာရတဲ့ အာဖရိက နိုင်ငံတချို့ထဲမှာ လောလောဆယ် အလုံခြုံဆုံး၊ အတည်ငြိမ်ဆုံး ဖြစ်နေပြန်တာကိုတော့ အသိအမှတ် ပြုရပါမယ်။ ရဝမ်ဒါရဲ့ စီးပွားရေး ပြန်လည် ဦးမော့မှုဟာ အာဖရိကတိုက်မှာ ထူးဆန်းအံ့ဖွယ် ဖြစ်စဉ်မျိုးလို့တောင် တင်စားခံရပါတယ်။ စိုက်ပျိုးရေး၊ စွမ်းအင်နဲ့ အခြေခံ အဆောက်အအုံ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တောက်လျှောက် တိုးတက်လာနေပြီး နိုင်ငံလူဦးရေ တသန်းကျော်လောက်ဟာ ဆင်းရဲတွင်းကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

(Guardian သတင်းဌာန၏ More than half a million people killed in 100 days: how the 1994 Rwanda genocide unfolded ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)