စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတဲ့ လောင်းလုံးဒေသခံ လူငယ်နှစ်ဦး သတင်းအစအန ပျောက်နေ

ဧပြီ၊ ၃
 
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတဲ့ ဒေသခံ လူငယ်နှစ်ဦး သုံးရက်ကြာတဲ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
 
“အဲဒီဂိတ်မှာ အဖမ်းခံရတာသိလို့ အိမ်ကလူတွေ လိုက်မေးတယ်၊ အဲဒါကို သူတို့ မဖမ်းဘူး၊ ဘာမှမသိဘူးပဲ ပြောနေတာ၊ သူတို့ဖမ်းတာကို တွေ့တဲ့လူတွေရှိတယ်” လို့ စစ်ပြဲရွာခံ လူငယ်တဦးက ပြောပါတယ်။
 
အခုလို ပျောက်ဆုံးနေတဲ့ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်နှစ်ဦးဟာ လောင်းလုံးမြို့နယ်၊ စစ်ပြဲရွာ ကဖြစ်ပြီး မတ်လ ၃၁ ရက်နေ့က ကျောက်နီမော်ရွာကို ဆိုင်ကယ်နဲ့ ဖြတ်တဲ့အချိန် အဖမ်းခံခဲ့ရတာပါ။
 
အဲဒီ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ပြီလို့လည်း သတင်းတွေ ထွက်နေပေမယ့် Delta News Agency အနေနဲ့ကတေအတိအကျအတည်မပြုနိုင်သေးပါဘူး။
 
“ဖမ်းတဲ့နေ့ကတည်းက ခြေထောက်ကို သေနတ်နဲ့ တချက်ပစ်သေးတယ်ကြားတယ်၊ တယောက်ကိုပဲ ပစ်တာ၊ ပြီးတာနဲ့ တောင်ပေါ်ခေါ်သွားပြီး ပစ်သတ်လိုက်တယ်ကြားတယ်၊ စစ်ပြဲရွာကဆို တော်လှန်ရေးလုပ်တဲ့လူတွေပဲဆိုပြီးလည်း ပြောတယ်တဲ့” လို့ ကျောက်နီမော်ရွာခံတွေနဲ့ နီးစပ်သူတဦးကလည်း ပြောပါတယ်။
 
အဖမ်းခံရသူနှစ်ဦးကတော့ သာမန်အရပ်သားတွေသာဖြစ်ပြီး ကျောက်နီမော်ရွာရဲ့ အောက်ဘက် ဆယ်မိုင်ခန့်အကွာမှာရှိတဲ့ ရှင်မော်ဘုရားကို ဘုရားဖူးဖို့ သွားတဲ့အချိန် အဖမ်းခံခဲ့ရတာလို့လည်း ဆိုကြပါတယ်။
 
သူတို့နှစ်ဦးရဲ့ နာမည်တွေကိုတော့ Delta News Agency အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
လောင်းလုံးမြို့ အောက်ဘက် ၂၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်နီမော်ကျေးရွာမှာတော့ စစ်အာဏာသိမ်းပြီး သုံးလလောက်ကြာကတည်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းဂိတ်ချထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာတွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။
 
ကျောက်နီမော်ရွာက အဲဒီစစ်ကောင်စီပူးပေါင်းတပ်တွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တာတွေလည်းရှိပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်လေ့ရှိတာကြောင့် ရွာခံတချို့ကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေထိုင်နေကြပါတယ်။
 
ဓာတ်ပုံ – DDMSC
ပုံစာ – လောင်းလုံးဒေသခံ လူငယ်တချို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်နေကြစဥ်