ဆင်ရိုင်းတွေကို ထိန်းသိမ်းစေချင်တဲ့ ဂျာမနီကို ဆင်အကောင် နှစ်သောင်းလောက် ခွဲယူပေးဖို့ ဘော့ဆွာနာ တောင်းဆို

ဧပြီ၊ ၃

တောဆင်ရိုင်းတွေကို အမဲလိုက် သတ်ဖြတ်နေတာမျိုး မဖြစ်စေချင်ရင် အကောင် ၂၀၀၀၀ လောက် ခွဲယူပေးဖို့ ဂျာမနီကို ဘော့ဆွာနာ အစိုးရက အရွဲ့တိုက် တောင်းဆိုခဲ့ပါတယ်။

နှစ်ဆန်းပိုင်းမှာ ဂျာမနီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဘော့ဆွာနာ အစိုးရ အနေနဲ့ အာဖရိက တောဆင်ရိုင်းတွေကို ဆယ်စွယ်မှောင်ခို မုဆိုးတွေက အမဲလိုက် သတ်ဖြတ်နေတာနဲ့ ပတ်သက်လို့ ပိုပြီး ထိထိရောက်ရောက် တုံ့ပြန်သင့်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

နောက်ပြီး ဘော့ဆွာနာမှာ တောဆင်ရိုင်းတွေကို အပျော်တမ်း အမဲလိုက်ခွင့် ပြုထားတာမျိုးတွေနဲ့ ပတ်သက်ရင် ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိသင့်နေပြီလို့ ဂျာမနီက ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ဘော့ဆွာနာ သမ္မတ မော့ခ်ဝက်ဆီ မာဆီဆီကတော့ ဂျာမနီရဲ့ အဆိုကို လုံးဝ လက်မခံပါဘူး။

သူက ပြည်တွင်းမှာ တောဆင်ရိုင်းတွေ ပေါက်ပွားနှုန်းဟာ ဒေသခံ ပြည်သူတွေအတွက် မနိုင်ဝန် ထမ်းရတဲ့ အခြေအနေမျိုးတောင် ဖြစ်နေပြီး အခုလို အမဲလိုက် သတ်ဖြတ်နေမှုတွေက အဲဒီပြဿနာကို တနည်းတဖုံ ပြေလည်အောင် ကူညီပေးနေတာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

တောဆင်ရိုင်းတွေကို ဂျာမနီ ပြောသလို စောင့်ရှောက်ထိန်းသိမ်းဖို့ အားထုတ်ခြင်းဟာ ဘော့ဆွာနာအတွက် ဆိုးကျိုးတွေ ပိုမိုကြုံတွေ့စေမယ့် သဘောလို့ သူက ဆိုပါတယ်။ တကယ်လို့ ဂျာမနီက သူနဲ့ သဘောထား မကိုက်ညီဘူးဆိုရင် ဂျာမန်တွေလည်း ဆင်ရိုင်းတွေနဲ့ အတူယှဉ်တွဲ နေထိုင်ကြည့်သင့်ကြောင်း၊ ဒါမှသာ ကိုယ်ပိုင် အတွေ့အကြုံကို အခြေခံပြီး ဘော့ဆွာနာကို ပိုပြီး လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ ပေးနိုင်မှာဖြစ်ကြောင်း သမ္မတက ပြောပါတယ်။

ဆန္ဒရှိမယ်ဆိုရင် သူဟာ ဂျာမနီဆီ တောဆင်ရိုင်းကောင်ရေ ၂၀၀၀၀ လောက် လွှဲပေးဖို့ လိုလိုလားလား အသင့်ရှိနေတယ်လို့လည်း မာဆီဆီက ဆက်လက် ပြောကြားသွားပါတယ်။

ဘော့ဆွာနာမှာ ဆင်ကောင်ရေ ၁၃၀၀၀၀ ကျော် ရှိနေပြီး အဲဒါဟာ တကမ္ဘာလုံးမှာ ရှိသမျှ ဆင်မျိုးကွဲ အားလုံးရဲ့ သုံးပုံတပုံလောက်နဲ့ ညီမျှပါတယ်။

ဘော့ဆွာနာမှာ တောဆင်ရိုင်း အုပ်တွေဟာ လူနေဧရိယာတွေကို ဖျက်ဆီးတာ၊ စိုက်ခင်းတွေထဲ ဝင်ရောက် စားသောက်တာ၊ လူတွေကို နင်းသတ်တာမျိုး ဖြစ်ရပ်တွေ မကြာခဏ ကြုံနေရတယ်လို့လည်း မာဆီဆီက ဂျာမန် သတင်းဌာန Bildကို ပြောခဲ့ပါတယ်။

ဘော့ဆွာနာ အစိုးရဟာ အရင်ကလည်း ဆင်ကောင်ရေ ၈၀၀၀ လောက်ကို အန်ဂိုလာလို နိုင်ငံမျိုးဆီ လွှဲပြောင်းပေးခဲ့သလို မိုဇင်ဘစ် နိုင်ငံကိုလည်း အကောင်ရေ ရာနဲ့ချီ ပေးပို့ဖို့ ကမ်းလှမ်းထားပါတယ်။ အလားတူ ဂျာမနီကသာ လိုလားရင် ဆင်အကောင် ၂၀၀၀၀ လောက် လက်ဆောင်ပေးချင်တယ်လို့လည်း သူက ဆိုပါတယ်။

ဘော့ဆွာနာဟာ ဆင်တွေကို အပျော်တမ်း အမဲလိုက် သတ်ဖြတ်မှုတွေကို ၂၀၁၄ ခုနှစ်မှာ ဥပဒေနဲ့ ပိတ်ပင်ခဲ့ပေမယ့် ကျေးလက်နေ လူထုရဲ့ အပြင်းအထန် ဖိအားပေးမှုတွေကြောင့် ၂၀၁၉ မှာ အဲဒီ သတ်မှတ်ချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ရပါတယ်။  

 

Ref: BBC