ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာထဲ လက်နက်ကြီးကျလို့ နေအိမ်တရာဝန်းကျင်မီးလောင်

မတ်၊ ၂၇

ကရင်နဲ့ မွန်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ် မြောက်ခြမ်းက ဓမ္မသ‌ကျေးရွာထဲဒီကနေ့ ညနေ လေးနာရီ လောက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ရွာထဲက နေအိမ်သုံးပုံတပုံလောက်မီးလောင်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ရွာနားမှာ တိုက်ပွဲဖြစ်နေတော့ ရွာထဲကို ပစ်လိုက်တာ၊ အဲဒါမီးစလောင်တာပဲ၊ အိမ်တွေလည်း ကပ်နေတော့ မီးအ ရမ်းများနေတယ်၊ မြစ်နားဆိုတော့ လေကလည်း ကောင်းနေတာလေ၊ ခုလောင်နေတုန်းပဲ” လို့ ဓမ္မသကျေးရွာ သား တဦးက ဒီကနေ့ညနေပိုင်းမှာ DNA ကို ပြောပါတယ်။

ဓမ္မသကျေးရွာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီး ဒီကနေ့အထိ စစ်ရေးတင်းမာ နေ တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာနဲ့ လေးမိုင်ဝန်းကျင်အကွာ ဂျိုင်းမြစ်ကမ်းနဖူးပေါ်က အိမ် ခြေသုံးရာကျော်ရှိတဲ့ ရွာတရွာဖြစ်ပါတယ်။

ဒီကနေ့ ရွာထဲ ကျတဲ့လက်နက်ကြီးကျည်ကတော့ ဓမ္မသရွာနဲ့ သုံးမိုင်ဝန်အကွာလောက်မှာရှိတဲ့ တရနာကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ ရွာခံတွေက ပြောဆိုကြပါတယ်။

လက်ရှိ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို ဒေသခံတွေနဲ့ ရပ်ရွာအရန်မီးသတ်တပ်ဖွဲ့တွေဘက်က ဝိုင်းဝန်းမီးငြိမ်း သတ်နေကြပေမယ့် မီးငြိမ်းသတ်တဲ့ ပစ္စည်းကိရိယာတွေ မစုံလင်တာကြောင့် ဒီကနေ့ ညနေ ၅ နာရီခွဲအထိ ငြိမ်း သတ်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မီးလောင်မှုဖြစ်ချိန်မှာ စစ်ကောင်စီရဲ့မီးသတ်ဌာနဘက်ကလည်း လာရောက်မီးငြိမ်းသတ်ပေးခြင်း မရှိဘူး လို့ ဆိုပါတယ်။

 “ကိုယ့်ထူကိုယ်ထမီးသတ်ကားသုံးစီးနဲ့ ရေတင်စက်သုံးလုံးလေးလုံးနဲ့ပဲ ချနေရတာ၊ ဘယ်သူမှ မလာဘူး၊ တော် တော်ဒုက္ခရောက်တယ်၊ မြစ်ကမ်းနားရွာဆိုတော့ ရေက ပူစရာမလိုပေမဲ့ ပစ္စည်းကိရိယာတွေ မရှိတော့ မီးကို မ ထိန်းနိုင်သေးတာ” လို့ မီးငြိမ်းပေးနေတဲ့ ဓမ္မသရွာသားတဦးက ပြောပါတယ်။

ဓမ္မသကျေးရွာမှာ မွန်တိုင်းရင်းသားအများစုနေထိုင်ကြပြီး RC နှစ်ထပ်တိုက် အိမ်အမျိုးအစားနဲ့ ကျွန်းသစ်အိမ်တွေ များတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာနယ် မြေရဲစခန်းကို မတ်လ ၂၄ ရက် မနက် ၈ နာရီလောက်မှာ တော် လှန် ရေး ပူးပေါင်းအဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပြီး တရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရဲစခန်း လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာကော့ဘိန်းရွာဘက်ကို အင်အားအများအပြားနဲ့ ဝိုင်းပတ် ပိတ်ဆို့စစ်ကြောင်းထိုးဝင်ရောက်လာနေသလို တချို့ကျေးရွာမှာ ဝင်ရောက်တပ်စွဲကာ တော်လှန်ရေးအင်အားစု တွေ ရှိနိုင်တဲ့ ကျေးရွာဘက်ကို နေ့စဉ် လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရွာမှာ PDF မရှိနေဘူး၊ ဒီတိုင်းရွာထဲကို ပစ်ထည့်တာ၊ ရွာသားတွေလည်း ရှောင်နေကြတာရှိတယ်၊ အခု မီးလောင် နေတာတောင် ပစ်နေတုန်းပဲ၊ ရွာထဲတော့ မကျဘူး၊ မီးလောင်တော့ အိမ်ကို ပြေးပြန်လာတာ ဘာမှ မယူခင်ပါဘူး အကုန်ကုန်တယ်” လို့ နေအိမ်မီးလောင်ပြာကျသွားတဲ့ အသက် ၅၀ နှစ်အရွယ် ဓမ္မသရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

photo Social media