အင်းစိန်ထောင်က အကျဥ်းသူတွေ နေရာထိုင်ခင်းကောင်းကောင်းရဖို့ ပိုက်ဆံသိန်းချီပေးနေရ

မတ် ၊ ၂၇

ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူတွေအပါအဝင် အကျဥ်းသူတွေအနေနဲ့ နေရာထိုင်ခင်း ကောင်းကောင်းရဖို့ အာဏာပိုင်တွေကို ပိုက်ဆံသိန်းချီပေးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်း သားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။ 

“ဘုရားစင်နားကနေရာတွေ၊ လေဝင်လေထွက်ကောင်းတဲ့ အပေါ်ထပ်ကလိုမျိုးနေရာတွေရဖို့ ပိုက်ဆံပေးရတာ၊ မပေးတဲ့လူတွေတော့ အိမ်သာနဲ့နီးတဲ့နေရာတွေ၊ အမှိုက်ပစ်တဲ့နေရာနားက အခန်းတွေမှာ နေရတာပေါ့၊ အဲနေရာ တွေဆို အနံ့အသက်ကလည်းဆိုး၊ အနီးအနားမှာ ဗွက်တွေလည်းထပဲ” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က DNA ကို ပြောပါတယ်။ 

အဲ့ဒီလိုနေရာထိုင်ခင်းကောင်းကောင်းရဖို့ကို ပိုက်ဆံ ငါးသိန်းကနေ ဆယ်သိန်းကြား ပေးနေကြရပြီး အမျိုးသမီး အကျဥ်းဦးစီးမှူး ဒေါ်မိမိလှိုင်က ငွေကြေးကောက်ခံတာတွေကို အဓိကလုပ်နေတယ်လို့လည်း PPNM က ထုတ် ပြန်ထားပါတယ်။ 

“အပေါ်ကသူတို့က တိုက်ရိုက်တော့ မကောက်ဘူး၊ တန်းစီးလိုမျိုး လူတွေကနေကောက်ခိုင်းတာ၊ ပြီးရင်အပေါ်ကို တဆင့်ဆင့်သွားပေါ့၊ ဒါကြောင့် ပိုက်ဆံကောက်တယ်ပြောရင် သူတို့မလုပ်ပါဘူးဆိုပြီး ငြင်းကြတာ”လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။ 

အခု မတ်လအစောပိုင်းကလည်း ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်က အမျိုးသမီးအဆောင်မှာ လူနာထား တဲ့အခန်းကို လူနာမထားဘဲ အမျိုးသမီး အကျဥ်းဦးစီးအရာရှိ ဒေါ်နန်းတင်က တခြားအကျဥ်းသူ ဆယ်ယောက်ကို တယောက် သုံးသိန်းစီယူပြီး နေထိုင်ခွင့်ပြုထားတယ်လို့ လုံခြုံရေးအရ အမည်ဖော်ပြလို့မရသူတဦးက DNA ကို ပြောပြခဲ့ပါသေးတယ်။ 

အလားတူပဲ တခြားအကျဥ်းထောင်တွေမှာလည်း နေရာထိုင်ခင်းကောင်းကောင်းရဖို့ အခုလို ပိုက်ဆံပေးရတာ တွေရှိတယ်လို့ သိရပါတယ်။ 

“ဝန်ထမ်းတွေကနေပြီး ပိုက်ဆံဘယ်လောက်ပေး၊ နေရာကောင်းကောင်းထားပေးမယ်ဆိုပြီး မိသားစုဝင် တွေဆီ ကနေတောင်းတာ၊ နေရာရတဲ့သူကလည်းရတယ်၊ တချို့ကလည်း အပြင်ကမိသားစုနဲ့ အဆက်သွယ်မရတော့ ပိုက်ဆံပေးထားလည်း နေရာမရဘူး”လို့ ထားဝယ် နိုင်ငံရေးအကျဥ်းသူဟောင်းတဦးက DNA ကို ပြောပါတယ်။

အင်းစိန်အကျဥ်းထောင်မှာ နေရာထိုင်ခင်းကောင်းကောင်းရဖို့ အခုလို ပိုက်ဆံပေးရတာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်လောက်ကတည်းက ရှိခဲ့နိုင်တယ်လို့လည်း ဆိုပါတယ်။

“သတင်းတွေကြားတာတော့ ကြာပါပြီ၊ အခုကတော့ ကျွန်တော်တို့ စုံစမ်းပြီး သေချာသိရပြီမို့ ထုတ်ပြောတာ၊ တချို့ နိုင်/ကျဥ်းတွေကတော့ အဲလိုတော့ မပေးဘူး၊ အဆင်ပြေသလိုပဲ နေမယ်ဆိုပြီးနေကြတာ”လို့ ကိုသိုက် ထွန်းဦးက ပြောပါတယ်။ 

အလားတူပဲ အင်းစိန်ထောင်က အမျိုးသားအဆောင်တွေမှာလည်း နေရာထိုင်ခင်းကောင်းကောင်းရဖို့ အခုလို ပိုက်ဆံပေးရတာတွေရှိပြီး အတိအကျသိရဖို့ စုံစမ်းနေတုန်းပဲလို့လည်း သူက ဆက်ပြောပါတယ်။ 

ဒါ့အပြင် အင်းစိန်ထောင်က အမျိုးသမီးအဆောင်တွေမှာ တံမြက်စည်းဝယ်တာ၊ ဆေးခြယ်တာကအစ အကျဥ်း သူတွေဆီကနေ ပိုက်ဆံကောက်ခံနေတာတွေရှိတယ်လို့လည်း သိရပါတယ်။ 

“ကိုယ့်စရိတ်နဲ့ကိုယ် ထောင်လာကျခံနေရသလိုပဲ၊ သူတို့က နေစရာပေးမယ်၊ ကျန်တာကိုယ့်ဟာကိုယ် ကျခံဆို သလိုမျိုး၊ ဒါတောင် နေစရာအတွက်ပါ ပိုက်ဆံထပ်ပေးနေရသေးတယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။