မတ်၊ ၂၆
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက အာဏာရ ပါတီကို လာရောက်လည်ပတ်တဲ့ အချိန်မှာ ဧည့်ခံ တွေ့ဆုံမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။
ဖျူထိုင်းပါတီ (PTP)ကို ထူထောင်ခဲ့သူ ဘီလီယံနာ ဝန်ကြီးချုပ်ဟောင်းဟာ မတ်လ ၂၆ ရက်နေ့မှာ PTPရဲ့ ဌာနချုပ်ကို သွားရောက်မှာ ဖြစ်ပါတယ်။ PTPဟာ ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေ၊ စစ်တပ်အားပေး ပါတီတွေနဲ့ သဘောတူညီမှု ရယူပြီး လက်ရှိ ညွန့်ပေါင်း အစိုးရ အဖွဲ့ကို ဦးဆောင်နေပါတယ်။
သက်ဆင်ရဲ့ လက်ရုံးတဦးလို့ ရည်ညွှန်းခံရလေ့ရှိတဲ့ ဝန်ကြီးချုပ် ဆရက်သာကတော့ သူဟာ အစိုးရ အိမ်တော်မှာ အလုပ်ကိစ္စတွေ ရှိနေတာကြောင့် အဲဒါတွေကို ဖျက်သိမ်းပြီး ပါတီ ဌာနချုပ်ကို သွားဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဆရက်သာက သက်ဆင်နဲ့ လွှတ်တော်အမတ်တွေ၊ ပါတီဝင်တွေ တွေ့ဆုံမယ့် အစီအစဉ်ဆီ တက်ရောက်ဖို့ လုံးဝ မအားလပ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
ဆရက်သာက သူဟာ နိုင်ငံရေး အလုပ်ကိစ္စတွေ ပြီးစီးရင်လည်း ရာဇမင်္ဂလာ ကွင်းကြီးကို သွားရောက်ပြီး တောင်ကိုရီးယားနဲ့ ယှဉ်ပြိုင်မယ့် ဘောလုံးပွဲကို တက်ရောက် အားပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်အဖြစ် တောင်ကိုရီးယားဟာ ထိုင်းမြေမှာ လာရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ပထမအကျော့တုန်းက ၁ ဂိုးစီ သရေကျထားပါတယ်။
သက်ဆင်နဲ့ ဆရက်သာတို့ဟာ မတ်လ ၁၅ ရက်နေ့တုန်းက ဇာတိ ချင်းမိုင်မြို့ကို သက်ဆင် ပြန်သွားချိန်က ညစာ အတူသုံးဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ လတုန်းကလည်း ထောင်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သက်ဆင် လွတ်မြောက်လာတဲ့နောက် ဆရက်သာက သက်ဆင်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ဆရက်သာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာတဲ့နောက် ရှီနာဝပ်ထရာ မိသားစုနဲ့ ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတချို့ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အထူးသဖြင့် သက်ဆင်ရဲ့ သမီးဖြစ်သူ လက်ရှိ PTP အကြီးအကဲ တာဝန်ယူထားသူ ပေတွန်တန် ရှီနာဝပ်ထရာဟာ ဆရက်သာရဲ့ ဝန်ကြီးချုပ် အရိုက်အရာကို လွှဲယူဖို့ ဖြစ်နိုင်ခြေတွေ ရှိနေတယ်လို့ ယူဆရပါတယ်။
သက်ဆင်ဟာ PTPရဲ့ မူလ အဦးအစလို့ ဆိုရမယ့် ထိုင်းရက်ခ်ထိုင်းပါတီကို ၁၉၉၈ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။
Ref: Bangkok Post