ကော့ကရိတ် ရဲစခန်းတိုက်ပွဲစစ်ကောင်စီအလံဖြူထောင်လက်နက်ချ

မတ်၊ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး တရက်အကြာ ဒီကနေ့ မတ်လ ၂၅ ရက် မွန်းလွဲနှစ်နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အလံဖြူထောင်လက်နက်ချခဲ့တယ်လို့ DNA က ဆက်သွယ်ရရှိခဲ့တဲ့ တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေး အင်အားစုတွေက အတည်ပြုပါတယ်။

မှန်ပါတယ်၊ မွန်းလွဲနှစ်နာရီ စွန်းစွန်းလေးမှာ သိမ်းနိုင်တာပါ လို့ တိုက်ပွဲမှာ ပါဝင်နေတဲ့ မွန်ပြည်လွတ်မြောက် ရေးတပ်တော်(M.L.A)မှ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အလံဖြူထောင်လက်နက်ချခဲ့တဲ့ အရေအတွက်အပါအဝင်အသေးစိတ် အချက်အလက်တွေကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်ရှိတယ်လို့ သူက ပြောပါတယ်။

မွန်ပြည်သစ်ပါတီ(NMSP)သထုံခရိုင်ဌာနချုပ်နဲ့ မိုင်ဝက်အကွာ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာနယ် မြေရဲစခန်းကို မနေ့ မတ်လ ၂၄ ရက် မနက် ၈ နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက် ခိုက်ခဲ့တာပါ။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က အထိနာလာလို့ မနေ့ ညနေပိုင်းကနေ ဒီကနေ့ နေ့လယ် ပိုင်းအထိ စစ်ကောင်စီက လေကြောင်းအပါအဝင် ဂျိုင်းမြစ်ကနေ စစ်သင်္ဘောနဲ့ အဆက်မပြတ်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဒီကနေ့ မွန်းလွဲနှစ်နာရီခန့်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်လက်နက်ချ ခဲ့တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကော့ဘိန်းနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်တာဟာ စစ်ရေးအရ ဘယ်လိုသက်ရောက်မှု ရှိလဲဆိုတဲ့ မေးခွန်းကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို မေးမြန်းခဲ့ပေမဲ့ ဖြေကြားပေးခြင်းမရှိပါ ဘူး။

ဒီနယ်တဝိုက်ဆို ရဲစခန်းမှာ စစ်သားရဲရှိတာ၊ ဒီစခန်းနဲ့ တရနာရွာမှာပဲ ရှိတယ်၊ ကျန်တဲ့ ဘေးနားပတ်ဝန်း ကျင်ရွာမှာ မရှိတော့တာကြာပြီး၊ ဒီဘက်က မွန်ပြည်သစ်ရဲ့ အုပ်ချုပ်မှုအောက်ကနေပဲ သွားနေကြတဲ့ ရွာတွေပါ၊ သူတို့  လို့ ကော့ဘိန်းကျေးရွာဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲကြောင့် ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ တရနာ အစရှိတဲ့ကျေးရွာအသီးသီးက ဒေသခံပြည်သူထောင်ချီဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်းနေရပြီး ရပ်ရွာထဲ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးလေကြောင်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူလေးဦးထိခိုက် ဒဏ်ရာရှိထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။

ကော့ဘိန်းသုံးယောက်၊ ဓမ္မသတယောက် ထိထားတယ်၊ ထွက်ပြေးနေတဲ့သူက ပြေးနေတုန်းပဲ သူတို့ ပေးထွက်ကြပြီး မနက်ကတည်းကပေါ့၊ ပိတ်မိနေတဲ့သူတွေကို ကျွန်တော်တို့တွေ အတက်နိုင်ဆုံး ခေါ်ထုတ်ပေး နေတုန်းပဲ လို့ သူက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြသူထဲက မော်လမြိုင်မြို့နဲ့ အခြားဒေသဘက်ကို တိမ်းရှောင်နေကြသူများ ရှိပေမဲ့ အများအစုက ဘေးပတ်ဝန်းကျင်ကျေးရွာမှာ ရှောင်နေရပြီး လတ်တလောနေရာထိုင်ခင်းအကူအညီတွေ လိုအပ်ချက် ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ကော့ဘိန်းကျေရွာအနောက်ဘက် ခုနှစ်မိုင်အကွာက တရနာကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေ မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးလေကြောင်းပစ်ခတ်မှုတွေ ရှိနေ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွာနားမှာပဲ (တရနာကျေးရွာ)ရဲစခန်းကို သူတို့(ပူးပေါင်းအဖွဲ့)ထပ်သိမ်းမယ်လို့ ကြားနေရတယ်၊ လေယာဉ် ရော လက်နက်ကြီးရော ပစ်နေတော့ အပြင်မထွက်ရဲကြဘူး လို့ တရနာကျေးရွာခံတဦးက ပြောပါတယ်။ 

ဒါ့အပြင် တရနာကျေးရွာ အနောက်မြောက်ဘက် လေးမိုင်အကွာ ခရုံလမ်းဝ မော်လမြိင်-ဘားအံ့ လမ်းမကြီး တလျှောက်မှာ စစ်ကောင်စီဘက်က အင်အားအများအပြားဖြည့်တင်းထားပေမဲ့ တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးမှု လက်ဦးမှုရယူထားတဲ့ ကျေးရွာထဲကို ဝင်ရောက်လာနိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။