မွန်ပြည်သစ်ပါတီ(NMSP) သထုံခရိုင်ဌာနချုပ်အနီးက စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံနေရ

မတ်၊ ၂၄
 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းကို ဒီကနေ့ မတ်လ ၂၄ ရက် မနက် ၈ နာရီလောက်ကစလို့ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကာ အရပ်သားတွေလည်း ပိတ်မိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“မနက်က ရုတ်တရက်ကြီး ရောက်ချလာပြီးတော့ အဲဒီရဲစခန်းကို ဝိုင်းပစ်နေကြတာ၊ ခု ရဲစခန်းမီးလောင်နေတာ၊ လေယာဉ်တွေရော ဝဲနေတာ ခုထိ ပစ်နေကြတုန်းပဲ” လို့ ကော့ဘိန်းကျေးရွာဒေသခံတဦးက DNA ကို ပြောပါ တယ်။
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကြားမှာရှိတဲ့ ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်းကို မတ်လ ၂၄ ရက် မနက် ၈ နာရီခန့်မှာ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်း ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
 
ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ဝင်ရောက် တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အဲဒီစခန်းမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့ အင်အား နှစ်ဆယ်ကျော်နဲ့ တပ်စွဲထားတာ ဒီကနေ့အထိ ဖြစ်ပါတယ်။
 
“PDF တွေ လမ်းပေါင်းစုံကနေ ပတ်ပတ်လည်ဝင်လာပြီး ပိတ်ပစ်တဲ့သဘောပဲ၊ အိမ်တွေလည်း ကပ်နေတော့ လေယာဉ်နဲ့ မပစ်သေးတာ ဖြစ်မယ်၊ အခြေအနေက တော်တော်ဆိုးတယ်” လို့ အထက်ပါ ကော့ဘိန်းဒေသခံက ပြောပါတယ်။
 
လက်ရှိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ကော့ဘိန်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေကလည်း နေအိမ်အတွင်းမှာ ပိတ်မိနေကြသလို အဲဒီလမ်းပိုင်းတလျှောက်ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့ ဆိုပါတယ်။
 
“မနက်က ဈေးတက်ဝယ်ပြီး ပြန်လာတာ ဓမ္မသရွာအနားအရောက်မှာ PDF တွေ လမ်းပိတ်ထားတာ၊ လေယာဉ် ပတ်နေတာ၊ တိုက်ပွဲဖြစ်နေလို့ မသွားနဲ့ဦးတဲ့ ကောင်းကောင်းမွန်မွန်ပြောတယ်၊ ခုထိ(နေ့လယ် ၁၂) နာရီ ပိတ် ထားတုန်းပဲ” လို့ ဓမ္မသကျေးရွာမှာ ပိတ်မိနေတဲ့ ကော့ဘိန်းရွာသားတဦးက ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးသလို DNA က Lion Battalion Commando စစ်ကြောင်းကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
 
ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်းဟာ မွန်ပြည်သစ်ပါတီ (NMSP)သထုံခရိုင်၊ ထိန်းချုပ်နယ်နယ်မြေထဲက ကျေးရွာတခုဖြစ်ပြီး ဝဲရိတ်ကျေးရွာမှာရှိတဲ့ မွန်ပြည်သစ်ပါတီ (NMSP)သထုံခရိုင်ဌာနချုပ် တည်ရှိရာနဲ့ မိုင်ဝက်အကွာမှာ ရှိတယ်လို့ သိရပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ(NMSP)သထုံခရိုင်ဘက်ကို DNA က ဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ တော် လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီကအဲဒီစခန်းမှာ အင်အားထပ်မံဖြည့်တင်းထားကာ စခန်း ပတ်ဝန်းကျင်ပတ်ပတ်လည်ကို စစ်ကောင်စီဘက်က ဖြတ်သန်းသွားခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဓာတ်ပုံ – CJ