ယူဂန္ဓာ သမ္မတက သားဖြစ်သူကို စစ်ဦးစီးချုပ်ရာထူး ခန့်အပ်

မတ် ၊ ၂၃

ယူဂန္ဓာ သမ္မတက သားဖြစ်သူကို နိုင်ငံရဲ့ စစ်တပ်အကြီးအကဲ ရာထူး ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

 အသက် ၇၉ နှစ်အရွယ် သမ္မတ ယိုဝါရီ မူဆီဗီနီက သားဖြစ်သူ ဗိုလ်ချုပ်ကြီး မူဟူဇီ ကိုင်နာရူဂါဘာကို နိုင်ငံရဲ့ လက်နက်ကိုင် တပ်အားလုံးရဲ့ စစ်ဦးစီးချုပ်အဖြစ် တင်မြှောက်ကြောင်း မတ်လ ၂၂ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ အသက် ၄၉  နှစ်အရွယ် ကိုင်နာရူဂါဘာရဲ့ ရုတ်တရက် ရာထူးတိုးမြှင့် ခံရခြင်းဟာ အစိုးရအဖွဲ့ကို အကြီးစား ပြင်ဆင် ဖွဲ့စည်းမှု တခုရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်ပေါ်လာတာပါ။

 အဲဒီ အစိုးရ အဖွဲ့တွင်း အပြောင်းအလဲမှာ ဝန်ကြီး ၅ ဦး ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။

 မူဆီဗီနီဟာ အာဖရိက ဒေသတွင်း နိုင်ငံရဲ့ အကြီးအကဲအဖြစ် ၁၉၈၆ ခုနှစ် ကတည်းက အာဏာ ချုပ်ကိုင်ထားခဲ့တာပါ။ သူဟာ တဦးတည်းသော သားဖြစ်သူကို အရိုက်အရာ ဆက်ခံသူအဖြစ် ပျိုးထောင်နေကြောင်း စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။

 ဗိုလ်ချုပ်ကြီး ကိုင်နာရူဂါဘာဟာ ပြည်တွင်းမှာ အငြင်းပွားစရာတွေ များပြားတဲ့ နာမည်ကျော် တဦးအဖြစ် လူသိများပါတယ်။ သူဟာ စစ်ဘက်ရေးရာ လုပ်ထုံးလုပ်နည်းတွေကို ဘောင်ကျော်တာ၊ နိုင်ငံရေးမှာ ဝင်စွက်ဖက်တာတွေ မကြာခဏ လုပ်ဆောင်ခဲ့ကြောင်း ဝေဖန် ခံခဲ့ရပါတယ်။

 ၂၀၂၂ ခုနှစ်တုန်းကတော့ သူဟာ အိမ်နီးချင်း ကင်ညာနိုင်ငံကို လူမှုကွန်ရက် မီဒီယာ Xကနေ အကြမ်းပတမ်း ရန်လို ခြိမ်းခြောက်ခဲ့ရာက ပြဿနာတက်ပြီး ဖခင်ဖြစ်သူက ကိုင်နာရူဂါဘာကို ကြည်းတပ် ဦးစီးချုပ် နေရာကနေ ဖယ်ရှားခဲ့ရဖူးပါတယ်။ အဲဒီကိစ္စအပြီး သမ္မတဟာ ကင်ညာ အစိုးရနဲ့ ပြည်သူတွေကို သားဖြစ်သူကိုယ်စား ​ဝန်ချ တောင်းပန်ခဲ့ရပါတယ်။

 ဒါပေမဲ့ နောက်ပိုင်းမှာ မူဆီဗီနီက သားဖြစ်သူကို ဗိုလ်ချုပ်ကြီး ရာထူး တိုးပေးခဲ့ပြီး ဖခင်ရဲ့ အနီးကပ် အကြံပေး အရာရှိ ရာထူးကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အခုတော့ သူဟာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝီလ်ဆန် အမ်ဘာဒီရဲ့ ရာထူးကို ဆက်ခံယူခဲ့ပြီး အမ်ဘာဒီကတော့ ကုန်သွယ်ရေး ဝန်ကြီးရာထူးကို လက်ခံခဲ့ပါတယ်။

 အစိုးရကို ပြင်ဆင် ဖွဲ့စည်းတဲ့ အစီအစဉ်မှာ ကိုင်နာရူဂါဘာရဲ့ အနီးကပ်ဆုံး မဟာမိတ် နှစ်ဦးကလည်း ဝန်ကြီးရာထူးတွေ အသီးသီး ရယူခဲ့ပါတယ်။ ကိုင်နာရူဂါဘာဟာ ၁၉၉၉ ခုနှစ်မှာ စတင် စစ်မှုထမ်းခဲ့ပြီး အရမ်း မြန်မြန်ဆန်ဆန် ရာထူးတွေ မြင့်တက်ခဲ့တာကြောင့် ပြည်တွင်းမှာ သူ့ကို ရာထူးတိုးပေးတဲ့ သမ္မတရဲ့ အစီအမံတွေကို မူဟူဇီ ပရောဂျက်လို့တောင် အငေါ်တူး နာမည်ပေး ခံခဲ့ရပါတယ်။