ကင်ဆာရောဂါ ခံစားနေရကြောင်း ဗြိတိန် အိမ်ရှေ့စံ ကြင်ရာတော် ကြေညာ

မတ် ၊ ၂၃

ကင်ဆာရောဂါ စွဲကပ် ခံစားနေရတယ်လို့ ဗြိတိန် အိမ်ရှေ့စံ ကြင်ရာတော် မင်းသမီး ကိတ်မစ်ဒယ်လ်တန်က ကြေညာခဲ့ပါတယ်။

 ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းဆိုးကို ကြားသိရတဲ့နောက် ခက်ခဲကြမ်းတမ်းလွန်းတဲ့ လတချို့ကို ဖြတ်သန်းခဲ့ရကြောင်း၊ သူ့အတွက် တုန်လှုပ်စရာ ကောင်းလွန်းတဲ့ အတွေ့အကြုံလည်း ဖြစ်ခဲ့ကြောင်း မတ်လ ၂၂ ရက်နေ့ ကြေညာချက်မှာ ကိတ်က ထည့်သွင်း ပြောကြားသွားပါတယ်။

 ဗီဒီယို ထုတ်ပြန်ချက်ထဲမှာ ကိတ်က သူဟာ ကင်ဆာကုထုံး အစောပိုင်း အဆင့်တွေကို စတင် ခံယူနေပြီဖြစ်ပြီး တနေ့ထက်တနေ့ ပိုမို စိတ်အားတင်းလာနိုင်တယ်လို့လည်း ပြောထားတာ တွေ့ရပါတယ်။

 ကန်ဆင်တန် နန်းတော်က ဝေးလ်စ်မင်းသမီးဟာ အပြည့်အဝ ပြန်လည် ကျန်းမာလာမယ်လို့ ယုံကြည်ကြောင်း ကြေညာပေမယ့် ကင်ဆာရောဂါ အမျိုးအစားနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

 အသက် ၄၂ နှစ်အရွယ် မင်းသမီးက သူဟာ ဇန်နဝါရီလတုန်းက ​ဝမ်းဗိုက် ခွဲစိတ်မှုတခု ခံယူခဲ့ရပြီး အဲဒီကျမှ ပြဿနာရဲ့ အရင်းအမြစ်ဟာ ကင်ဆာကြောင့် ဖြစ်တယ်ဆိုတာ သိရှိလာရကြောင်း ပြောပါတယ်။ ဒါကြောင့် ဆေးအဖွဲ့က ကင်ဆာဆဲလ်တွေ မပျံ့ပွားအောင် ဓာတ်ကင်မှု အပါအဝင် အကာအကွယ် ကုထုံးတွေ ခံယူဖို့ အကြံပြုခဲ့ပြီး အခုအခါ သူဟာ ကုသမှု အစောပိုင်း အဆင့်တွေကို ခံယူနေပြီဖြစ်ကြောင်း ကိတ်က ဆိုပါတယ်။

 နှစ်ဆန်းပိုင်းတုန်းက ချားလ်စ်ဘုရင်နဲ့ ကိတ်တို့ဟာ လန်ဒန်က ဆေးရုံတခုမှာ တပြိုင်တည်းလိုလို တက်ရောက် ကုသမှု ခံယူခဲ့ရပြီး ချားလ်စ် ဘုရင်ကတော့ နောက်ပိုင်းမှာ ကင်ဆာကြိတ်တခု ကြီးထွားနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုတာ အတည်ပြု ကြေညာခဲ့ပါတယ်။ လပိုင်းလောက် ကြာပြီးမှ ချွေးမဖြစ်သူ ကိတ်လည်း ကင်ဆာရောဂါ ခံစားနေရကြောင်း ပြည်သူတွေကို အသိပေးခဲ့တာပါ။

 အခုလို ကြေညာချက် ထုတ်ပြန်ရဲခဲ့တဲ့ ကိတ်ရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ သတ္တိကို ချားလ်စ်ဘုရင်က အထူးဂုဏ်ယူနေတယ်လို့လည်း ဘက်ကင်ဟမ်နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ပြောပါတယ်။

 ကိတ်ရဲ့ ကြေညာချက် ထွက်ပေါ်အပြီး တော်ဝင်မိသားစုနဲ့ ဆက်ဆံရေး ပြိုကွဲခဲ့သူ မတ်တော် မင်းသားဟောင်း ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်မာကယ်လ်တို့ကလည်း ကိတ်ရဲ့ ကျန်းမာရေး အမြန်ဆုံး ပြန်လည် ကောင်းမွန်လာစေဖို့ ဆုမွန်ကောင်း တောင်းပေးကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

 Ref: BBC